ကျွန်မတို့အိမ်ဆင်ဝင်နားမှ ရေဖျန်းသည့်ရေပန်းခေါင်းနားတွင် အဖူးထွက်စပေါင်းပင်လေးတစ်ခုကို သတိထားမိစဉ်က ၎င်းကို အန္တရာယ်မရှိသည့် မျက်စိစပါးမွှေးစူးစရာအဖြစ်သာ ကျွန်မသဘောထားခဲ့သည်။ ပေါင်းပင်ငယ်က ကျွန်မတို့၏မြက်ခင်းကို မည်သို့ထိခိုက်စေနိုင်မည်နည်း။ သို့သော်လည်း ရက်သတ္တပတ်များ ကုန်လွန်သွားသောအခါ စိတ်အနှောင့်အယှက်ဖြစ်စရာလေးသည် ချုံပုတ်ငယ် အရွယ်ဖြစ်လာပြီး ကျွန်မတို့၏မြက်ခင်းကို တဖြည်းဖြည်း လွှမ်းမိုးလာသည်။ ၎င်းသည် လျှောက်လမ်းပေါ်သို့ အနည်းငယ်တက်လာပြီး အခြားနေရာများ၌ပါ ပေါက်လာသည်။ ၎င်း၏ဖျက်ဆီးတတ်သောသဘာဝကို ကျွန်မလက်ခံလိုက်ပြီးနောက် ပေါင်းပင်များကို တူးထုတ်ရန်နှင့် ပေါင်းသတ်ဆေးဖြင့် မြက်ခင်းကိုကာကွယ်ရန် ကျွန်မခင်ပွန်းအား အကူအညီတောင်းလိုက်ရသည်။
ကျွန်မတို့သည် အပြစ်ဒုစရိုက်ကို မသိကျိုးကျွံပြုလျှင် သို့မဟုတ် မျက်စိမှိတ်ငြင်းလျှင် ၎င်းသည် ကျွန်မတို့၏ဘဝများထဲသို့ ကျူးကျော်ဝင်ရောက်လာနိုင်ပြီး စိတ်နှလုံးကို ညစ်ညူးစေနိုင်ပါသည်။ ကျွန်မတို့၏ အပြစ်နှင့်ကင်းစင်သောဘုရား၌မူ ညစ်ညူးမှု လုံးဝမရှိပေ။ “ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့”၊ ကျွန်မတို့လည်း “အလင်း၌ကျင်လည်”ရေး (၁ ယော ၁:၇) ဘုရား၏သားသမီးများအနေနှင့် အပြစ်ဒုစရိုက်များကို ထိပ်တိုက်ရင်ဆိုင်ရန် ကျွန်မတို့ကို ပြင်ဆင်စေစားထားပြီးသားဖြစ်သည်။ ကျွန်မတို့ဘက်မှရှေ့နေ “အမှုဆောင်သခင်”ယေရှု (၂:၁) ရှိသောကြောင့် အပြစ်ကိုဝန်ခံ၍ နောင်တရသည့်အခါ ကျွန်မတို့သည် ခွင့်လွှတ်ခံရ၍ အပြစ်တရားမှလွတ်မြောက်နိုင်ပါသည် (၁:၈-၁၀)။ အပြစ်များအတွက် ရှင်ယေရှုသည် ကိုယ်တော်တိုင်၏အသက်သွေးဖြင့် အမြင့်ဆုံးသောပေးဆပ်မှုကို ပေးဆပ်ခဲ့၍ “ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း” (၂:၂) ဖြစ်လာသည်။
ဘုရားသခင်က ကျွန်မတို့၏အပြစ်များကို သိမြင်စေသောအခါ ကျွန်မတို့သည် မျက်စိမှိတ်ငြင်းမလား၊ ရှောင်လွှဲမလား၊ တာဝန်မယူဘဲနေမလား ဟူ၍ ရွေးချယ်နိုင်ပါသည်။ သို့သော်လည်း ကျွန်မတို့က ဝန်ခံ၍နောင်တရသည့်အခါ အဘဘုရားနှင့်၊အခြားသူများနှင့် ကျွန်မတို့၏ဆက်ဆံရေးကို ထိခိုက်စေသည့် ကျွန်မတို့၏အပြစ်ဒုစရိုက်များကို ဘုရားရှင်သည် တူးထုတ်ပေးပါလိမ့်မည်။