ကျွန်တော် ဆယ်ကျော်သက်အရွယ်က တိုင်းတစ်ပါးသို့ ကျောင်းသားလဲလှယ်ရေးအစီအစဉ်ဖြင့် တစ်နှစ်ခရီးမသွားရမီ “အဘဘုရား၊ ကျေးဇူးပြု၍ ကျွန်တော့်ကို ထိုနေရာသို့မပို့ပါနှင့်” ဟုဆုတောင်းခဲ့သည်။ မည်သည့်နေရာသွားရမည်ကို မသိခဲ့သော်လည်း ကိုယ်မသွားလိုသည့်နေရာကိုဖြင့် ကျွန်တော်သိသည်။ ကျွန်တော်သည် ထိုတိုင်းပြည်၏ ဘာသာစကားကို မပြောတတ်၊ ၎င်း၏ဓလေ့ထုံးတမ်းများနှင့် နိုင်ငံသားများနှင့်ပတ်သက်၍ အမြင်မှားမှုများလည်း ရှိခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် ဘုရားသခင်အား ကျွန်တော့်ကိုအခြားနေရာများသို့ပို့ရန် ဆုတောင်းခဲ့သည်။
သို့သော်လည်း အမြော်အမြင်အနန္တရှိသောဘုရားသခင်သည် ကျွန်တော်မသွား လိုသည့်နေရာကိုမှ ကျွန်တော့်ကို ပို့လိုက်သည်။ ထိုသို့ပို့လိုက်ခြင်းအတွက် ကျွန်တော်ဝမ်းမြောက်သည်။ အနှစ် (၄၀) ကြာပြီးဖြစ်သော်လည်း ကျွန်တော်၌ ထိုတိုင်းပြည်မှ မိတ်ဆွေများ ရှိနေဆဲပင်။ ကျွန်တော်လက်ထပ်သည့်အခါ ကျွန်တော့်သတို့သားအရံ Stefan (စတီဖန်)သည် ထိုတိုင်းပြည်မှဖြစ်သည်။ သူ့မင်္ဂလာပွဲတွင်လည်း ကျွန်တော်သွား၍ မေတ္တာပြခဲ့သည်။ မကြာမီ ထပ်သွားလည်ပတ်ရန်လည်း စီစဉ်နေပါသည်။
ဘုရားသခင်က ကျွန်တော်တို့၏စိတ်နှလုံးကိုပြောင်းလဲသောအခါ နှစ်သက်ဖွယ် ကိစ္စရပ်များဖြစ်လာပါသည်။ ထိုသို့ပြောင်းလဲမှုတစ်ခုသည် “ညီရှောလု” (တ ၉:၁၇) ဟူသောစကားလုံးများဖြင့် စတင်ခဲ့သည်။
ထိုစကားလုံးများကိုပြောခဲ့သူမှာ တမန်တော်ပေါလု ပြောင်းလဲခါစတွင် သူ၏အမြင်အာရုံကိုကုသပေးရန် ဘုရားသခင်တာဝန်ပေးခဲ့သော အာနနိဖြစ်သည် (:၁၀-၁၂)။ တမန်တော်ပေါလု၏ ရက်စက်သောအတိတ်ကြောင့် အာနနိက “ထိုသူသည် ယေရုရှလင်မြို့၌ ကိုယ်တော်၏သန့်ရှင်းသူတို့ကို အဘယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို လူများပြော၍ အကျွန်ုပ်ကြားရပါပြီ” (:၁၃) ဟုဆုတောင်းလျက် ကနဉီး၌ တွန့်ဆုတ်ခဲ့သည်။
သို့သော် အာနနိသည် နာခံ၍ သွားခဲ့သည်။ အာနနိ စိတ်နှလုံးပြောင်းလဲခဲ့၍ ယုံကြည်ခြင်းအရာ၌ ညီအကိုအသစ်တစ်ဉီး ရရှိခဲ့သည်။ ရှောလုသည် ပေါလု ဖြစ်လာပြီး သခင်ယေရှု၏သတင်းကောင်းကို အင်တိုက်အားတိုက် ဖြန့်ဝေခဲ့သည်။ သခင်ယေရှုမှတစ်ဆင့် စစ်မှန်သောပြောင်းလဲမှု ဖြစ်နိုင်ပါသည်။