စိတ်ရောဂါကုဆရာဝန်တစ်ဉီး၏ အကြံပေးစာကဏ္ဍတွင် ရည်မှန်းချက်ကြီးကြီးနှင့်ကြိုးစားမှုများကြောင့် ရောင့်ရဲကျေနပ်မှု မရနိုင်ဖြစ်နေသည့် Brenda (ဘရန်ဒါ) ခေါ် အမျိုးသမီး၏စာကို ပြန်ကြားပေးခဲ့သည်။ သူ့စကားလုံးများက တဲ့တိုးဆန် သည်။ သူက လူသားများသည် ပျော်ရွှင်ရန် ဖြစ်တည်နေခြင်း မဟုတ်ဘဲ “အသက်ရှင်ရန်နှင့် မျိုးပွားရန်”သာ ဖြစ်တည်နေသည်။ “ကလူကျီစယ်လျက် ဖမ်းရခက် သော ရောင့်ရဲကျေနပ်မှုလိပ်ပြာငယ်”ကို လိုက်လံဖမ်းဆီးရန် ကျွန်ုပ်တို့ ကျိန်စာသင့်နေပြီး “မည်သည့်အခါမှ ယင်းကို ဖမ်းမိမည် မဟုတ်” ဟု ဆိုသည်။
ဘာကိုမှတန်ဖိုးရှိသည်ဟုမထင်သော ထိုဆရာဝန်၏ပြန်စာကို ဘရန်ဒါ ဖတ်ရသောအခါ သူမမည်သို့ခံစားရမည်နည်း။ သူမသာ ဆာလံကျမ်း ၁၃၁ ကို ဖတ်ခဲ့လျှင် တစ်မူထူးပြီး မည်သို့ခံစားခဲ့ရမည်နည်းဟု ကျွန်တော်တွေးမိသည်။ ထိုဆာလံ၌ ကျေနပ်ရောင့်ရဲမှုအား မည်သို့ရှာရမည်ကို ဒါဝိဒ်မင်းကြီးက တွေးတောဆင်ခြင်ပြခဲ့သည်။ ဒါဝိဒ်မင်းကြီးသည် သူ့၏ရာဇဣန္ဒြေကို ဘေးဖယ်ကာ နှိမ့်ချစွာဖြင့် စတင်ဆင်ခြင်သည်။ သူရင်ဆိုင်ရသည့် သူ့ဘဝ၏ကြီးမားသော အခက်အခဲများသည် အရေးကြီးလှသော်လည်း ၎င်းတို့ကိုပါ ဘေးဖယ်ထားသည် (:၁)။ ထို့နောက် သူသည် ထာဝရဘုရားရှေ့တော်၌ သူ့စိတ်နှလုံးကို ဖြေ၍ငြိမ်းစေပြီး (:၂) ဘုရားသခင့်လက်တော်၌ အနာဂတ်ကို အပ်နှံသည် (:၃)။ အကျိုးဆက်မှာ နှစ်သက်ဖွယ်ဖြစ်ပါသည်။ “အမိနို့နှင့်ကွာသောသူငယ်ကဲ့သို့၊ ကိုယ်စိတ်ကိုဖြေ၍ ငြိမ်းစေပါပြီ” (:၂) ဟု ဆာလံဆရာက ဆိုသည်။
ကျွန်တော်တို့၏ပျက်စီးနေသောကမ္ဘာကြီးတွင် တစ်ခါတစ်ရံ ရောင့်ရဲကျေနပ်မှုကို ဖမ်းရခက်နိုင်ပါသည်။ ဖိလိပ္ပိဩဝါဒစာ ၄:၁၁-၁၃ တွင် တမန်တော်ရှင်ပေါလု က ရောင့်ရဲကျေနပ်မှုသည် ‘သင်ယူရသောအရာ’ ဖြစ်သည်ဟု ဆိုသည်။ သို့သော် “အသက်ရှင်သန်ရန် နှင့် မျိုးပွားရန်” အတွက်သာ ကျွန်တော်တို့ ဖြစ်တည်နေ သည်ဆိုပါက ရောင့်ရဲကျေနပ်မှုသည် ဖမ်းမမိနိုင်သောလိပ်ပြာလေးသာ ဖြစ်နေမည်။ အထံတော်၌ ငြိမ်ဝပ်စွာ ခိုနားခြင်းဖြင့် ရောင့်ရဲကျေနပ်မှုကို ရရှိခြင်း ဟူသော အခြားလမ်းတစ်ခုကို ဒါဝိဒ်မင်းကြီးသည် ကျွန်တော်တို့အား ပြသနေတော့သည်။