ဆရာကြီး Augustine (ဩဂတ်စတင်း)၏ ကိုယ်ရေးအထ္ထုပ္ပတ္တိ ‘Confessions’ (ဝန်ခံချက်)စာအုပ်တွင် သူ သခင်ယေရှုထံသို့ ‌ရောက်ရန်အ‌ရေး ရှည်လျားကွေ့ကောက်စွာ လှမ်းခဲ့ရသည့်ခရီးကို ဖော်ပြထားသည်။ တစ်ကြိမ်တွင် သူသည် အင်ပါယာဧကရာဇ်မင်းအား မြှောက်ပင့်ချီးမွမ်းခန်းဖွင့်ရန် နန်းတော်သို့မြင်းစီးခရီးပြုခဲ့သည်။ လှည့်ဖြားမြှောက်ပင့်ရမည့်အရာအတွက် သူစိတ်ထင့်နေစဥ် “ဟာသလုပ်ပြီး ရယ်မော နေသည့်” အရက်သမား သူတောင်းစားတစ်ဦးကို သူသတိထားမိသည်။ သူက ကလိမ်ကကျစ် အသက်မွေးမှရရှိမည့် ပျော်ရွှင်မှုသည် ခဏသာတည်စေဦးတော့၊ ထိုအမူးသမားက အားစိုက်ထုတ်ရမှုမရှိဘဲ ပျော်ရွှင်ရယ်မောနေသည်။ သို့နှင့် ဩဂတ်စတင်းသည် လောကအောင်မြင်မှုကို ကြိုးစားရယူနေခြင်းအား ရပ်တန့်ခဲ့သည်။

သို့သော် သူသည် တဏှာရာဂ၏ ကျေးကျွန်ဖြစ်နေဆဲဖြစ်ပြီး၊ အပြစ်ဆက်ပြုနေပါက သခင်ယေရှုထံ လာ၍မရနိုင်မှန်းသိလျက် လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုနှင့် ရုန်းကန်ရဆဲဖြစ်သည်။ သူက “သီလကို ပေးတော်မူပါ။ သို့သော် ယခုမဟုတ်သေးပါ” ဟုဆုတောင်းခဲ့သည်။

ဩဂတ်စတင်းသည် တောက်လျှောက် အမှားများပြုခဲ့ပြီး ကယ်တင်ခြင်းနှင့် ဒုစရိုက်ကြား ရုန်းကန်လျက် နောက်ဆုံး ရပ်တန့်သင့်သည့် အချိန်ရောက်လာသည်။ သခင်ယေရှုထံ လှည့်ပြန်ခဲ့သူများ၏နှိုးဆော်မှုအားဖြင့် သူသည် ရောမဩဝါဒစာ ၁၃:၁၃-၁၄ ကို ဖတ်ခဲ့သည်။ “ပွဲလုပ်ခြင်း၊ ယဇ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ … တို့ကို ကြဥ်ရှောင်၍၊ … တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏တပ်မက်ခြင်းအလိုငှာ မကြံစည်ကြနှင့်။”

၎င်းကျမ်းပိုဒ်သည် ထိရောက်မှုရှိသည်။ သန့်ရှင်းသောဝိညာဥ်တော် မှုတ်သွင်းသည့် ဤကျမ်းစကားကို ဘုရားရှင်အသုံးပြုလျက် ဩဂတ်စတင်း၏ တဏှာရာဂစက်ကွင်းကို ဖြတ်တောက်ပြီး၊ “မှောင်မိုက်တန်ခိုးမှ (သူ့)ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။ ထိုသားတော်၏အသွေးအားဖြင့် အပြစ် လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို” ခံရ၏ (ကော ၁:၁၃-၁၄)။ ဩဂတ်စတင်းသည် သာသနာပိုင် ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာပြီး ကျော်ကြားမှုနှင့် တဏှာရာဂတို့၏ဖြားယောင်းမှုကို ခံစားကြုံရဆဲဖြစ်သည်။ သို့သော် ယခုတွင် သူအပြစ်ပြုလျှင် မည်သူ့အား မြင်ရမည်ကို သူသိပြီဖြစ်သည်။ သူ သခင်ယေရှုထံသို့ လှည့်ပြန်ခဲ့သည်။ သင်ရော လှည့်ပြန်ခဲ့ပြီလား။