ဒုက္ခတွေ့နေသော ကောလိပ်သာသနာတာဝန်ခံ လူရွယ်အမှုတော်ဆောင်ကို ဘုရား သခင်ထံမှ လမ်းညွှန်မှုနှင့်မစကူညီမှုအတွက် ဆုတောင်းပါသလားဟု ကျွန်မအရဲစွန့်မေးလိုက်သည့်အခါ သူစိတ်ရှုပ်သွားပုံရသည်။ ရှင်ပေါလုတိုက်တွန်းထားသကဲ့သို့ မခြားမလပ် ဆုတောင်းရပါမည်။ “ဆုတောင်းခြင်းကို ကျွန်တော် ယုံကြည်သေးလား၊ ဒါမှမဟုတ် ဘုရားသခင် နားထောင်နေတယ်ဆိုတာကို ယုံသေးရဲ့လားဆိုတာ မသေချာတော့ဘူး” ဟု မျက်မှောက်ကြုတ်ကာ သူဝန်ခံသည်။ သူသည် အမှုတော်လုပ်ငန်းတစ်ခုကို သူ၏ခွန်အားအစွမ်းနှင့် “တည်ထောင်”နေခြင်းဖြစ်ပြီး၊ ဝမ်းနည်းစရာမှာ ထိုလုပ်ငန်း ကျရှုံးနေသည်။ ဘုရားသခင်ကို သူ ငြင်းပယ်နေ၍ ဖြစ်သည်။

အသင်းတော်၏ တိုက်ထောင့်အထွတ်ကျောက်ဖြစ်သော သခင်ယေရှုသည် အစဥ်အမြဲ ငြင်းပယ်ခံရပြီး၊ စင်စစ် ပထမဆုံး သူ့လူမျိုး၏ငြင်းပယ်ခြင်းကို ခံခဲ့ရသည် (ယော ၁:၁၁)။ ယနေ့တွင်လည်း လူများစွာတို့သည် သူ့အား ငြင်းပယ်လျက်ရှိပြီး၊ ခိုင်ခံ့မှုအားနည်းသော အုတ်မြစ်များဖြစ်သည့် မိမိတို့၏ ကိုယ်ပိုင်အကြံအစည်၊ စိတ်ကူးအိပ်မက်များနှင့် အားကိုးအားထားမပြုနိုင်သော အခြားအရာများအပေါ် အခြေပြုလျက် သူတို့၏ဘဝ၊ အလုပ်အကိုင်နှင့် အသင်းတော်ကိုပင် တည်ဆောက်ရန် ရုန်းကန်နေကြသည်။ သို့ရာတွင် ကောင်းမြတ်သောကယ်တင်ရှင် တစ်ပါးတည်းသာလျှင် ကျွန်မတို့၏အစွမ်းသတ္တိနှင့် ကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူသည် (ဆာ ၁၁၈:၁၄)။ အကယ်စင်စစ် “တိုက်ကို တည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွတ်ဖျားသို့ ရောက်ပြန်၏” (:၂၂)။

သခင်ယေရှုသည် အသက်တာ၏အရေးကြီးသော တိုက်ထောင့်အုတ်မြစ်အဖြစ် တည်ရှိလျက်၊ သူ၏ဘုန်းတော်အတွက် ယုံကြည်သူတို့ ကြိုးစားလုပ်ဆောင်မှု မှန်သမျှအတွက် တစ်ခုတည်းသော မှန်ကန်သည့် အံဝင်ခွင်ကျဖြစ်မှုကို သခင် ပံ့ပိုးပေးသည်။ ထို့ကြောင့် သခင်ယေရှုထံသို့ “အို ထာဝရဘုရား၊ ကယ်တင်တော်မူပါဟု တောင်းပန်ပါ၏။ အို ထာဝရဘုရား၊ ကောင်းချီးမင်္ဂလာကို ပေးတော်မူပါဟု တောင်းပန်ပါ၏” ဟု ကျွန်မတို့ ဆုတောင်းပြီး (:၂၅)၊ ရလဒ်မူကား “ထာဝရဘုရား၏ အခွင့်နှင့်ကြွလာသောသူသည် မင်္ဂလာရှိ” လိမ့်မည် (:၂၆)။ ခွန်အားကြီးလျက် ကောင်းမြတ်တော်မူသောကြောင့် ကိုယ်တော့်အား ချီးမွမ်းကြစို့။