ညီအစ်ကိုနှစ်ဦးသည် မွေးစားခံရပြီး ကွဲသွားသည်။ အနှစ်နှစ်ဆယ်ကြာပြီးမှ သူတို့နှစ်ဦးပြန်လည်‌တွေ့ဆုံရန် DNA စစ်ဆေးမှုက ကူညီပေးခဲ့သည်။ Kieron (ခီရွန်)က သူ၏ညီအစ်ကိုဟု ယုံကြည်ယူဆရသော Vincent (ဗင်းဆင့်)ထံ မက်ဆေ့ချ်ပို့ ဆက်သွယ်သောအခါ ဗင်းဆင့်က “ဒီလူစိမ်းက ဘယ်သူလဲ”ဟု တွေးခဲ့သည်။ ခီရွန်က သူ့မွေးနာမည်ကို မည်သို့မှည့်ခဲ့သနည်းဟု မေးသောအခါ ဗင်းဆင့်က “Tyler” (တိုင်လာ)ဟု ချက်ချင်း ပြန်ဖြေခဲ့သည်။ ထို့နောက် သူတို့သည် ညီအစ်ကိုဖြစ်ကြောင်း သူသိလိုက်သည်။ သူ၏နာမည်အားဖြင့် သူ့ကိုမှတ်မိလိုက်သည်။
ရှင်ပြန်ထမြောက်ခြင်းအဖြစ်အပျက်တွင် နာမည်တစ်ခု၏ အဓိကအခန်းကဏ္ဍမှ ပါဝင်ပုံကို သုံးသပ်ကြည့်ပါ။ မာဂဒလမာရိသည် ခရစ်တော်၏သင်္ချိုင်းဂူ၌ သခင်၏ခန္ဓာကိုယ် ပျောက်ဆုံးနေသည်ကို တွေ့သောအခါ ငိုကြွေးခဲ့သည်။ သခင်ယေရှုက “အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်း” ဟု မေး၏ (ယော ၂၀:၁၅)။ “မာရိ” (:၁၆)ဟု ခရစ်တော်မမြွက်ဆိုမီအထိ သူမသည် သခင့်ကို မမှတ်မိခဲ့ပါ။

ထိုစကားကိုကြားလျှင် သူမသည် (‘ဆရာ’ ဟုအဓိပ္ပာယ်ရသည့်) “ရဗ္ဗုနိ” ဟုထူးလေ၏ (:၁၆)။ သူမ၏တုံ့ပြန်မှုက ထမြောက်တော်မူသော ခရစ်တော်သည် ကျွန်ုပ်တို့အားလုံးအတွက် သေခြင်းမာရ်ကို အောင်နိုင်ခဲ့ပြီး၊ ကျွန်ုပ်တို့တစ်ဦးချင်းစီကို သူ၏ သားသမီးအဖြစ်သိရှိကြောင်း သိမှတ်ကြသည့် ရှင်ပြန်ထမြောက်ခြင်းနံနက်တွင် ယေရှုကိုယုံကြည်သူများ ခံစားရသောပျော်ရွှင်မှုကို ဖော်ပြသည်။ “ငါ၏ခမည်းတော် တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင်ထံတော်သို့ ငါတက်ရမည်” (:၁၇) ဟု မာရိအား သခင် မိန့်ကြားခဲ့သည်။

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်မှ အမည်‌ကြောင့် ပြန်လည်ဆုံစည်းသည့် ညီအစ်ကိုနှစ်ဦးသည် “ဤဆက်ဆံရေးကို နောက်တစ်ဆင့်သို့ တက်လှမ်းရန်” ကတိပြုကြသည်။ ရှင်ပြန်ထမြောက်ရာနေ့တွင် သခင်ယေရှုကို ကျွန်ုပ်တို့ချီးမွမ်းထောမနာပြုပါသည်။ အဘယ်ကြောင့်ဆိုသော် သခင်သည် သူပိုင်ဆိုင်သူများအဖြစ် သူသိနှင့်သူများအတွက် စွန့်လွှတ်အနစ်နာခံသောမေတ္တာဖြင့်ထမြောက်ရန် အမြင့်မြတ်ဆုံးသောခြေလှမ်းကို လှမ်းခဲ့ပြီးဖြစ်သည်။ သင်နှင့်ကျွန်ုပ်တို့အတွက် အမှန်ပင် ကိုယ်တော်သည် ရှင်ပြန်ထမြောက်ခဲ့ပြီ။