‘Physics’ (ရူပဗေဒ) ဟူသည့် စာအုပ်ထဲတွင် Charles Riborg Mann (ချားလ်စ်ရိုင်ဘောဂ်မန်း)နှင့် George Ransom Twiss (ဂျော့ရှ်ရန်စမ်တွစ်) တို့က “အထီးကျန်တောအုပ်ထဲတွင် သစ်ပင်တစ်ပင်ပြိုလဲသွားတာကို ကြားဖို့ အနီးအနား ၌ မည်သည့် တိရစ္ဆာန်မျှမရှိပါက အသံထွက်ပါမည်လား” ဟု မေးထားသည်။ နှစ်အတော်ကြာအောင် ထိုမေးခွန်းသည် အသံ၊ သဘောထားအမြင်နှင့် ဖြစ်တည်မှုဆိုင်ရာဒဿနနှင့် သိပ္ပံနည်းကျဆွေးနွေးမှုများကို လှုံ့ဆော်ပေးခဲ့သည်။ သို့သော်လည်း တိကျသေချာသောအဖြေတစ်ခု ထွက်ပေါ်ခြင်းမရှိသေးပါ။
တစ်ညတွင် အခြားမည်သူ့ကိုမှ မပြောပြဖြစ်သေးသည့် ပြဿနာတစ်ခုကြောင့် အထီးကျန်ပြီး ဝမ်းနည်းစွာခံစားရချိန်မှာ ၎င်းမေးခွန်းကို ကျွန်မပြန်သတိရမိကာ “ကျွန်မအကူအညီတောင်းသံကို ဘယ်သူမှမကြားတဲ့အချိန် ဘုရားသခင်ရော ကြားသလား” ဟုတွေးမိလိုက်သည်။
သေခြင်းတရား၏ခြိမ်းခြောက်မှုကို ရင်ဆိုင်ရကာ ဆင်းရဲဒုက္ခများက သူ့ကို လွှမ်းမိုးသောအခါ ဆာလံကျမ်း ၁၁၆ ကို ရေးသားသူက စွန့်ပစ်ခံရသည်ဟု ခံစားရကောင်းခံစားရနိုင်သည်။ ထို့ကြောင့် သူသည် ဘုရားသခင်က သူ့အားနားညောင်းနေကာ ကူညီပေးမည်ကို သိလျက် ဘုရားရှင်ထံ အော်ဟစ်ခဲ့သည်။ ဆာလံဆရာက “ထာဝရဘုရားသည် ငါတောင်းပန်ခြင်းအသံကိုကြား၍ ငါ့ဘက်သို့နားတော်ကို လှည့်တော်မူသောကြောင့် ငါနှစ်သက်၏” ဟု ရေးခဲ့သည် (:၁-၂)။ ကျွန်ုပ်တို့၏ နာကျင်မှုကို မည်သူမျှ မသိသော်လည်း ဘုရားသခင်သိသည်။ ကျွန်ုပ်တို့ငိုကြွေးသံကို မည်သူမျှ မကြားသော်လည်း ဘုရားသခင်ကြားပါသည်။
ဘုရားသခင်သည် သူ၏ချစ်ခြင်းမေတ္တာနှင့် ကွယ်ကာမှုကို (:၅-၆) ကျွန်ုပ်တို့အား ပြသမည်ကို သိလျက်၊ ခက်ခဲသောအချိန်များတွင် ကျွန်ုပ်တို့ငြိမ်ဝပ်စွာ နားနေနိုင်ပါသည် (:၇)။ “ငြိမ်ဝပ်စွာအနားယူခြင်း” (manoakh) ကို ဟေဗြဲဘာသာတွင် တိတ်ဆိတ်ငြိမ်သက်ပြီး ဘေးကင်းသောနေရာဟု ဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် ဘုရားရှင်၏မျက်မှောက်တော်နှင့် မစခြင်းအပေါ် စိတ်ချမှုရှိခြင်းဖြင့် အားအင်ပြည့်ကာ ငြိမ်သက်စွာ နေနိုင်မည်။ မန်း နှင့် တွစ် တို့၏မေးခွန်းအတွက် အဖြေပေါင်းများစွာ ထွက်လာသော်လည်း ဘုရားရှင်နားညောင်းနေပါသလားဟူသည့် မေးခွန်းအတွက် အဖြေမှာ ရိုးရှင်းစွာ “ဟုတ်ကဲ့၊ နားညောင်းပါ၏” ဟူ၍ပင်ဖြစ်သည်။