Madeleine L’Engle (မယ်ဒလင်း အယ်လန်ဂန်)သည် သူ့မိခင်ကို တစ်ပတ် တစ်ကြိမ် ဖုန်းခေါ်သည့် အလေ့အထကို ကျင့်ဆောင်ခဲ့သည်။ သူမမိခင်သည် နောက်ပိုင်းတွင် သူမနှင့်အတူ ပြောင်းရွှေ့နေထိုင်သည့်အခါ ချစ်လှစွာသော ဝိညာဥ်ရေးရာစာရေးဆရာမသည် “အဆက်အသွယ်မပြတ်ရှိနေရန်” မကြာခဏဆိုသလို ပို၍ပင် ဖုန်းခေါ်ခဲ့သည်။ ထိုနည်းတူ သူမကလေးများက သူမကိုဖုန်းခေါ်ပြီး အဆက်အသွယ် မပြတ်အောင် ထိုအလေ့အထကို စောင့်ထိန်းခြင်းကို မယ်ဒလင်း နှစ်သက်သည်။ တစ်ခါတစ်ရံတွင် အရေးပါသော အမေးအဖြေများနှင့် ပြည့်နှက်နေသော ရှည်လျားသည့် အပြန်အလှန်စကားပြောခြင်း ဖြစ်နေတတ်သည်။ အခြားအချိန်များတွင် ဤဖုန်းနံပါတ်ကို ခေါ်၍ရနေခြင်းပင်လျှင် လုံလောက်ပါပြီ။ ‘Walking on Water’ (ရေပေါ်တွင်လမ်းလျှောက်ခြင်း) စာအုပ်ထဲတွင် သူရေးသားခဲ့သလိုပင် “ကလေးတွေ အဆက်အသွယ်မပြတ်ရှိနေခြင်းက ကောင်းပါသည်။ ကျွန်ုပ်တို့ ကလေးများအားလုံးသည် ခမည်းတော်ဘုရားနှင့် အဆက်အသွယ်မပြတ် ရှိနေခြင်းမှာ ကောင်းပါသည်”။

ကျွန်ုပ်တို့အများစုသည် ရှင်မဿဲခရစ်ဝင် ၆:၉-၁၃ ရှိ သခင်ဘုရား၏ပတ္ထနာတော်နှင့် အကျွမ်းတဝင်ရှိကြပါသည်။ သို့သော် ရှေ့တွင်ရေးထားသည့် ကျမ်းပိုဒ်များသည် နောက်တွင်ပါလာမည့် အရေးကြီးသောအရာများအတွက် စကားချီးဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် “လူများတို့ရှေ့မှာ ထင်ရှား” နေပြီး ဟိတ်ဟန်ထုတ်သော ဆုတောင်းချက်မျိုး မဖြစ်ရပါ (:၅)။ ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် မည်မျှကြာရမည်ဟူသော ကန့်သတ်ချက်များ မရှိသော်လည်း “များစွာသောစကား”များသည် (:၇) အနှစ်သာရရှိသော ဆုတောင်းချက်နှင့် တူညီသည်ဟု အလိုအလျောက် သတ်မှတ်၍ မရပေ။ “မတောင်းမီ” သိတော်မူသောဘုရားသခင်နှင့် (:၈) ကျွန်ုပ်တို့ ပုံမှန်စဥ်ဆက်မပြတ် အဆက်အသွယ်ရှိရေးကို ထိန်းသိမ်းရန်လိုကြောင်းအချက်က အဓိကအလေးပေးသောအချက် ဖြစ်ပုံရပါသည်။ ခမည်းတော်နှင့် အမြဲအဆက်အသွယ်ရှိခြင်းသည် ကျွန်ုပ်တို့အတွက်အဘယ်မျှကောင်းမွန်ကြောင်း သခင်ယေရှု အတိအလင်းပြောကြားပြီးနောက် ကျွန်ုပ်တို့ မည်သို့ဆုတောင်းရမည့်အကြောင်းကိုပါ ညွှန်ကြားထားပါသည် (:၉)။

ဆုတောင်းခြင်းအမှုသည် ကောင်းပါ၏။ ၎င်းသည် ကျွန်ုပ်တို့အားလုံး၏ ဘုရားသခင် အဘခမည်းတော်နှင့် အဆက်အသွယ်ရှိစေသော အရေးကြီးသောရွေးချယ်မှုတစ်ခုပင်ဖြစ်သည်။