မနိုးထနိုင်သော အိပ်မက်ထဲတွင် အသက်ရှင်နေရသကဲ့သို့ပင်ဖြစ်သည်။ “မိမိ လက်တွေ့ဘဝသည် တကယ်မဟုတ် ဟုခံစားရခြင်း” (သို့) “မိမိ၏စိတ်သည် မိမိကိုယ်နှင့်မဆိုင်ဟုထင်ခြင်း” စသည့် စိတ်အခြေအနေများနှင့် ရုန်းကန်နေရသူများမှာ ၎င်းတို့ပတ်ဝန်းကျင်တွင် ရှိသောအရာများသည် အစစ်အမှန်မဟုတ်ဟု ခံစားရလေ့ရှိသည်။ ဤခံစားချက်ကို နှစ်ရှည်ခံစားရသူများတွင် ရောဂါတစ်ခုအဖြစ် ပြောနိုင်သော်လည်း ၎င်းသည် သာမန်စိတ်ကျန်းမာရေးဆိုင်ရာ ရုန်းကန်မှု အထူးသဖြင့် စိတ်ဖိစီးသည့်အချိန်တွင် ဖြစ်တတ်သည်ဟု ယူဆကြသည်။ သို့သော် တစ်ခါတစ်ရံတွင် ဘဝအဆင်ပြေသည်ဟု ထင်ရချိန်များတွင်လည်း ထိုခံစားချက်က ဆက်ရှိနေတတ်ပြီး၊ ကောင်းသောအရာများ အမှန်တကယ်ဖြစ်နေသည်ကို စိတ်ထဲတွင် မယုံကြည်နိုင်သကဲ့သို့ဖြစ်နေခြင်း ဖြစ်သည်။
သမ္မာကျမ်းစာ၌ ကိုယ်တော်၏တန်ခိုးတော်နှင့် ကယ်နှုတ်ခြင်းကို အိပ်မက်မဟုတ်ဘဲ အမှန်တကယ် တွေ့ကြုံခံစားရရန် ဘုရားသခင်၏လူများလည်း အလား တူ ရုန်းကန်ရချိန်များကို ဖော်ပြထားသည်။ တမန်တော်ဝတ္ထု ၁၂ တွင်၊ ပေတရုကို ထောင်နှင့် ကွပ်မျက်ခံရနိုင်ခြေရှိသည့်အခြေအနေမှ ကောင်းကင်တမန် ကယ်လွတ်ချိန်တွင် (:၂၊ ၄)၊ သူသည် အမှန်တကယ်ဖြစ်ပျက်နေသည်ဟု မထင်ဘဲ ဗျာဒိတ်ရူပါရုံမြင်သည်ဟုထင်ခဲ့ကြောင်း ဖော်ပြထားသည် (:၉-၁၀)။ ကောင်းကင်တမန်က သူ့ကို ထောင်အပြင်၌ ထားခဲ့ပြီး၊ အဆုံးတွင်မှ ပေတရုက အသိဝင်“သတိရလာ”ပြီး အရာအားလုံးက အမှန်တကယ်ဖြစ်နေကြောင်း သဘောပေါက်ခဲ့သည် (:၁၁)။
ဆိုးသောအချိန်နှင့် ကောင်းသောအချိန် နှစ်ခုလုံးတွင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့ဘဝတွင် အမှန်တကယ်လှုပ်ရှားနေကြောင်း အပြည့်အဝယုံကြည်ရန် (သို့) တွေ့ကြုံခံစားရန် တစ်ခါတစ်ရံ ခက်ခဲနိုင်သည်။ သို့သော် ကျွန်ုပ်တို့သည် ကိုယ်တော်ကို စောင့်ဆိုင်းနေခြင်းကြောင့်၊ သူ၏ရှင်ပြန်ထမြောက်ခြင်းတန်ခိုးသည် တစ်နေ့တွင် ငြင်း၍မရသော၊ အံ့သြဖွယ်ရာ အမှန်တကယ် ဖြစ်လာလိမ့်မည်ကို ကျွန်ုပ်တို့ စိတ်ချနိုင်ပါသည်။ ဘုရားသခင်၏အလင်းသည် ကျွန်ုပ်တို့အား အိပ်ပျော်ခြင်းမှ သူနှင့်အတူ လက်တွေ့ဘဝသို့ နိုးထစေလိမ့်မည် (ဧ ၅:၁၄)။