Jeff (ဂျက်ဖ်) အသက်ဆယ့်လေးနှစ်တွင် သူ့မိခင်က သူ့ကို နာမည်ကြီးအဆိုတော် တစ်ဦး၏ပွဲသို့ ခေါ်သွားခဲ့သည်။ သူ့ခေတ်က ဂီတသမားတော်တော်များများ ကဲ့သို့ပင် B. J. Thomas (ဘီဂျေသောမတ်စ်)သည် ဂီတဖျော်ဖြေမှုခရီးစဥ်များတွင် မိမိကိုယ်ကို ဖျက်စီးစေနိုင်သောအသက်တာဖြင့် နေထိုင်ခဲ့သည်။ ၎င်းသည် သူနှင့်သူ့ဇနီးတို့ သခင်ယေရှုအကြောင်း မကြားရမီအချိန်က ဖြစ်သည်။ ခရစ်တော်ကို ယုံကြည်သူ များဖြစ်လာသောအခါ သူတို့၏အသက်တာ အကြီးအကျယ် ပြောင်းလဲသွားသည်။

သီဆိုပွဲညတွင် အဆိုတော်သည် တက်ကြွနေသောလူအုပ်ကြီးကို စတင်ဖျော်ဖြေခဲ့သည်။ သူ့၏နာမည်ကြီးသီချင်းတချို့ကို သီဆိုပြီးနောက်တွင် ပရိသတ်တစ်ဦးက “ဟေး … ယေရှုအတွက် တစ်ပုဒ်သီဆိုပါ” ဟုအော်ပြောရာ၊ “ကျွန်တော် ယေရှုအတွက် သီချင်း (၄) ပုဒ် ခုပဲ သီဆိုခဲ့တယ်”ဟု ဘီဂျေက မဆိုင်းမတွ တုံ့ပြန်လိုက်သည်။ ထိုအချိန်မှစ၍ ဆယ်စုနှစ်အနည်းငယ်ကြာခဲ့သည့်တိုင်၊ “မိမိလုပ်ဆောင်ပြုမူသမျှ” တွင် အချို့က “ဘာသာမဲ့”ဟု တွေးထင်နိုင်သည့် အမှုအရာများပင်လျှင် ယေရှုအတွက် ဖြစ်သင့်ကြောင်း သူသဘောပေါက်ခဲ့သည့် အချိန်ကာလကို ဂျက်ဖ် မှတ်မိနေသေးသည်။

တစ်ခါတစ်ရံ ဝိညာဥ်ရေးနှင့်ဆိုင်သောအရာများဖြစ်သည့် သမ္မာကျမ်းစာဖတ်ခြင်း၊ မိမိယုံကြည်သူဖြစ်လာပုံကို ဝေငှခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း၊ လောကအရာများဖြစ်သည့် မြက်ခင်းရိတ်ခြင်း၊ ပြေးခြင်း၊ ကျေးလက်ဂီတ သီချင်းသီဆိုခြင်းစသည်ဖြင့် ဘဝ၌ ပြုသောအရာများကို ခွဲခြားရန် ကျွန်မတို့သွေးဆောင်ခံရသည်။

ကောလောသဲဩဝါဒစာ ၃:၁၆ က ခရစ်တော်၏သတင်းစကားသည် ဆုံးမ သွန်သင်ခြင်း၊ သီချင်းဆိုခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းစသည့် လုပ်ဆောင်မှုများနှင့်အတူ ကျွန်မတို့၌ တည်နေကြောင်း သတိပေးနေသည်။ သို့သော် အခန်းငယ် ၁၇ က ပို၍ အဓိပ္ပာယ်ကျယ်ပြန့်သည်။ ဘုရားသခင်၏သားသမီးများအနေနှင့် “(ကျွန်မတို့သည်) စကားပြောသော်လည်းကောင်း၊ အမှုဆောင်ရွက်သော် လည်းကောင်း သခင်ယေရှု၏နာမတော်ကို ထောက်၍ ခပ်သိမ်းသောအမှုတို့ကို ပြုမူ”ရန် အလေးပေးပြောထားသည်။ အမှုခပ်သိမ်းကို ကိုယ်တော့်အတွက် ကျွန်မတို့လုပ်ဆောင်ကြပါသည်။