ပုံပြင်တစ်ပုဒ်၏အဆိုအရ Albert Einstein (အဲလ်ဘက်အိုင်းစတိုင်း)၏ သင်ကြား ဟောပြောခြင်းခရီးစဥ်တွင် သူ၏ကားဒရိုင်ဘာက သူသည် ဟောပြောသွန်သင်နိုင်လောက်သည်အထိ ဆရာ၏ဟောပြောမှုများကို ကြားခဲ့ရပြီဟု ပြောခဲ့သည်။ သို့နှင့် သူ့ကိုတစ်ခါမျှ မမြင်ဘူးသေးသော‌ နောက်ကောလိပ်ကျောင်းတွင် သူတို့လူချင်းလဲရန် အိုင်းစတိုင်းက အကြံပေးခဲ့သည်။ ဒရိုင်ဘာသည် သဘောတူကာ ထိုနေရာ၌ ကောင်းစွာသင်ကြားပို့ချ ဟောပြောခဲ့သည်။ ထို့နောက် မေးမြန်းဖြေကြားခြင်းအချိန် ရောက်လာသည်။ အလွန်စိတ်အားထက်သန်သူတစ်ဦးက မေးမြန်းသောအခါ ဒရိုင်ဘာက “မင်းဟာ အလွန်ထူးချွန်ပြောင်မြောက်တဲ့ ပရော်ဖက်ဆာတစ်ဦးဖြစ်တယ်ဆိုတာ မြင်တာနဲ့ ကျုပ်သိတယ်။ ဒါပေမဲ့ မင်းက ကျုပ်ရဲ့ဒရိုင်ဘာတောင် ဖြေနိုင်တဲ့ သိပ်ရိုးရှင်းတဲ့မေးခွန်းကို မေးတာ ကျုပ်သိပ်အံ့ဩတယ်” ဟု ပြန်ဖြေခဲ့ပြီး၊ သူ၏ယာဥ်မောင်းအယောင်ဆောင် ဆရာကြီး အဲလ်ဘက်အိုင်းစတိုင်း က မေးခွန်းကို ဖြေပေးခဲ့သည်။ သို့နှင့် စိတ်ကူးယဥ်ဆန်ဆန် ဟာသပုံပြင်အဆုံးသတ်ခဲ့သည်။

ဒံယေလ၏မိတ်ဆွေသုံးဦးသည် အမှန်ပင် အန္တရာယ်စက်ကွင်းသို့ ရောက်ရှိ‌ နေသည်။ နေဗုခဒ်နေဇာမင်းကြီးက သူ၏ရုပ်တုကို ဝတ်မပြုဦးမချပါက တောက်လောင်နေသော မီးထဲသို့ချမည်ဟု ခြိမ်းခြောက်ခဲ့သည်။ “ငါ၏လက်မှ ကယ်လွှတ်နိုင်သောဘုရားကား အဘယ်ဘုရားရှိသနည်း” ဟု သူမေးခဲ့သည် (ဒံ ၃:၁၅)။ မိတ်ဆွေသုံးဦးသည် ရှင်ဘုရင်ကို ဦးချရန် ငြင်းပယ်မြဲ ဖြစ်သောကြောင့် ရှင်ဘုရင်သည် သူတို့ကို တောက်လောင်နေသောမီးဖိုထဲသို့ ပစ်ချကာ မီးအပူခုနစ်ဆတိုးစေခဲ့သည်။

သူတို့ချည်းသာ မီးထဲတွင်ရှိနေသည် မဟုတ်ပါ။ သခင်ယေရှုကိုယ်တော်တိုင် ဖြစ်နိုင်သော “ကောင်းကင်တစ်မန်”တစ်ပါးသည် (:၂၈) သူတို့နှင့်အတူရှိလျက် သူတို့ကို အနာတရမရှိစေဘဲ၊ ရှင်ဘုရင်၏မေးခွန်းအတွက် ငြင်းပယ်၍မရနိုင်လောက်သောအဖြေကို ပေးခဲ့သည် (:၂၄-၂၅)။ နေဗုခဒ်နေဇာမင်းကြီးသည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်ကို ချီးမွမ်းခဲ့ပြီး “ထိုမျှလောက်သော ကယ်တင်ခြင်းကို ထိုဘုရားသခင်မှတစ်ပါး အဘယ်ဘုရားမျှ မပြုနိုင်”ဟုဝန်ခံခဲ့သည် (:၂၈-၂၉)။

တစ်ခါတစ်ရံ မိမိတတ်နိုင်သည်ထက် ကျော်လွန်သည့်အခြေအနေ၌ ရောက်နေသည်ဟု ကျွန်ုပ်တို့ခံစားရနိုင်သည်။ သို့သော်လည်း သူ့အား အစေခံသူများနှင့်အတူ သခင်ယေရှု ရပ်တည်လျက် ကျွန်ုပ်တို့ကို စောင်မလိမ့်မည်။