၂၀၁၀ ပြည့်နှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းဆွယ်ကို tsunami (ဆူနာမီ)ရေလှိုင်းတိုက်ခတ်ခဲ့ပြီး လူ (၄၀၀) ကျော် သေဆုံးခဲ့သည်။ သို့သော် ဆူနာမီသတိပေးစနစ်ကသာ ကောင်းကောင်း အလုပ်လုပ်ခဲ့ပါက သေဆုံးမှုများကို ကာကွယ် (သို့) လျှော့ချနိုင်ခဲ့လိမ့်မည်။ ဆူနာမီထောက်လှမ်းရေးကွန်ယက်ဖြင့် ချိတ်ဆက်ထားသည့် ရေကြောင်းပြဗော်ယာများ ပြုတ်သွားပြီး ပင်လယ်ထဲ မျောပါသွားသည်။

အပြစ်မှနောင်တမရခြင်း အပါအဝင် ဝိညာဉ်ရေးကို ထိခိုက်နိုင်သည့်အရာများအတွက် အချင်းချင်းကို သတိပေးရန် တပည့်တော်များ၌ တာဝန်ရှိကြောင်း သခင်ယေရှုက ဆိုပါသည်။ ပြစ်မှားခံရသော ယုံကြည်သူသည် နှိမ့်ချစွာ၊ တစ်ဦးချင်းတွေ့ဆုံပြီး၊ ဆုတောင်းလျက် ပြစ်မှားသောယုံကြည်သူ၏အပြစ်ကို “ပြ”ရမည့်နည်းလမ်းကို သခင်ယေရှု ပြသခဲ့သည် (မ ၁၈:၁၅)။ ပြစ်မှားသူက နားထောင်ပါက ပဋိပက္ခပြေလည်ကာ ချစ်ခင်ရင်းနှီးမှုကို ပြန်လည်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ အကယ်၍ ထိုသူက နားမထောင်ပါက “လူနှစ်ဦးသုံးဦး” သက်သေခံ၍ ပဋိပက္ခကို ဖြေရှင်းနိုင်ပါသည် (:၁၆)။ သည့်တိုင် အပြစ်ကျူးလွန်သူသည် ‌နောင်တမရသေးပါက ထိုအမှုအရေးကို “အသင်းတော်”သို့ ဆောင်ယူရမည်ဖြစ်သည် (:၁၇)။ ဤတွင်လည်း ပြစ်မှားသူသည် ‌နောင်တမရဖြစ်နေဆဲ ဆိုပါက ထိုသူကို အသင်းတော်မှပယ်ထုတ်ရမည်ဖြစ်သော်လည်း သူ့အတွက် ဆက်ဆုတောင်းပေးနိုင်သည်၊ ခရစ်တော်၏မေတ္တာကို ဆက်ပြနိုင်ပါသည်။

သခင်ယေရှု၌ ယုံကြည်သူများအနေဖြင့် အချင်းချင်းတို့အား အပြစ်မှနောင်တမရခြင်း၏အန္တရာယ်ကို ချစ်ခင်စွာ သတိပေးရန်၊ကောင်းကင်ဘုံရှင်ဘုရားသခင်နှင့်၊ အခြားသောယုံကြည်သူများနှင့် ပြန်လည်သင့်မြတ်ခြင်း၏ ဝမ်းမြောက်မှုအကြောင်းကို သတိပေးရန်အတွက် လိုအပ်သည့်ဉာဏ်ပညာနှင့် ခွန်အားအတွက် ဆုတောင်းကြပါစို့။ သခင်ယေရှုသည် ကျွန်တော်တို့နှင့်အတူ “ထိုအရပ်၌ … ရှိ”တော်မူပါလိမ့်မည် (:၂၀)။