ကျွန်မ စာအိတ်အချို့ကို လှန်လှောပြန်ဖွင့်ကြည့်မိစဉ် “သားမျက်လုံးစစ်ပြီးပြီ” ဟု ရေးထားသောကပ်ခွာကို တွေ့ရာ၊ အမှတ်တရများ ပြန်ပေါ်လာသည်။ ကျွန်မ၏ (၄) နှစ်အရွယ်သားလေးက စပ်ဖျဉ်းဖျဉ်းဖြစ်စေသည့် မျက်စဉ်းခတ်ပြီးနောက် ထိုကပ်ခွာအား ဂုဏ်ယူစွာ ကပ်ထားခဲ့ပုံကို ကျွန်မပြန်မြင်ယောင်လာသည်။ မျက်လုံးကြွက်သားအားနည်းသဖြင့် အားနည်းသည့်မျက်လုံး အားကောင်းလာစေရန် သူသည် အားမနည်းသည့်မျက်လုံးတွင် မျက်လုံးကာကို နေ့စဉ် နာရီများစွာ တပ်ခဲ့ရသည်။ ခွဲစိတ်မှုလည်းပြုခဲ့ရသည်။ အားပေးနှစ်သိမ့်မှုအတွက် မိဘများဖြစ်သော ကျွန်မတို့ကို သူမျှော်ကြည့်လျက်၊ ကလေးသူငယ်တစ်ဦး၏ယုံကြည်မှုမျိုးဖြင့် ဘုရားသခင်ကို အားကိုးလျက် သူသည် စိန်ခေါ်မှုများကို တစ်ခုပြီးတစ်ခု ရင်ဆိုင်ခဲ့သည်။ ထိုစိန်ခေါ်မှုများမှတစ်ဆင့် သူ၏ကြံ့ကြံ့ခံနိုင်ရည်တိုးလာခဲ့သည်။

ဒုက္ခဆင်းရဲခြင်းကို ရင်ဆိုင်ကျော်လွှားခဲ့သူများသည် ထိုအတွေ့အကြုံများ အားဖြင့် ပြောင်းလဲသွားတတ်ကြသည်။ သို့သော် တမန်တော်ရှင်ပေါလုက ထိုထက်မက “ဒုက္ခဆင်းရဲခြင်းကို ခံ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိ”ရန် ဆိုသည်။ အကြောင်းမှာ ဒုက္ခဆင်းရဲခြင်းမှတစ်ဆင့် ကျွန်မတို့သည် သည်းခံခြင်းစိတ် တိုးလာပါသည်။ သည်းခံခြင်းမှတစ်ဆင့် သက်သေထင်ရှားခြင်း၊ သက်သေထင်ရှားခြင်းမှတစ်ဆင့် မျှော်လင့်ခြင်းကို ရရှိနိုင်ပါသည် (ရော ၅:၃-၄)။ ရှင်ပေါလုသည် သင်္ဘောပျက်ခြင်း၊ ယုံကြည်ခြင်း‌ကြောင့် အကျဉ်းချခံရခြင်း စသည့် ဒုက္ခဆင်းရဲများနှင့် အကျွမ်းဝင်သည်။ သို့သော် “ထိုမျှော်လင့်ခြင်းသည် ရှက်ကြောက်စရာအကြောင်းနှင့် ကင်းလွတ်၏။ အဘယ့်ကြောင့်နည်းဟူမူကား၊ ငါတို့အား ပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ သွန်းလောင်းတော်မူ၏” (:၅)ဟု ရောမမြို့ယုံကြည်သူများအား ဆိုပါသည်။ ကိုယ်တော်ကို ကျွန်မတို့စိတ်ချယုံကြည်သောအခါ ဘုရားသခင်၏ဝိညာဉ်တော်သည် သခင်ယေရှု၌ရှိသော ကျွန်မတို့၏မျှော်လင့်ခြင်းကို ရှင်သန်စေမည်ဟု တမန်တော်ရှင်ပေါလုသိသည်။

မည်သည့်အခက်အခဲမျိုး ကြုံရပါစေ၊ သင့်အပေါ် ကျေးဇူးတော်နှင့် ကရုဏာတော်ကို ဘုရားသခင် သွန်းလောင်းမည်ဖြစ်ကြောင်း အမှတ်ရပါ။ ဘုရားသခင်သည် သင့်ကို ချစ်တော်မူ၏။