Caribbean (ကာရီဘီယန်) ဒေသ၊ St. Lucia (စိန့်လူစီးရာ)ကျွန်းပေါ်ရှိ အမြဲစိမ်းသစ်တော၏ အမြင့်ဆုံးလင့်စင်မှ သွယ်ကြိုးပုခက် (zip line)စီးရန် ပြင်နေစဉ် ကျွန်မ၌ အကြောက်တရားများစုပြုံလာသည်။ မျှော်စင်ပေါ်မှမခုန်မီ စက္ကန့်ပိုင်း အလိုတွင် အလွဲလွဲ အ‌ချော်‌ချော်ဖြစ်သွားနိုင်ချေရှိသမျှကို ကျွန်မစိတ်ထဲ တွေးနေမိသည်။ သို့သော် နောက်လှည့်ပြန်စရာလမ်း မရှိသလောက်မို့ စုစည်းနိုင်သမျှ သတ္တိတို့ကိုစုစည်းကာ ကျွန်မခုန်လိုက်သည်။ ကျွန်မသည် သစ်တောထိပ်ဖျားမှစိမ်းစိုသောသစ်ပင်များကြား ဖြတ်သန်းကျသွားပြီး ကျွန်မဆံနွယ်ကို လေတိုးသွားစဥ် ကျွန်မ၏စိုးရိမ်စိတ်တို့ လျော့သွားသည်။ ‌အောက်သို့ တရွေ့ရွေ့ကျသွားပြီး နောက် လင့်စင်တစ်ခုကို ရှင်းရှင်းမြင်ရပြီးနောက် ညင်ညင်သာသာ ရပ်တန့်မှုကြောင့် ကျွန်မလုံခြုံစွာရောက်သွားပြီဟု သိလိုက်ရသည်။

ထိုသွယ်ကြိုးပုခက်ပေါ်မှအတွေ့အကြုံက ကျွန်မတို့အား အသစ်သောစိန်ခေါ်မှုများကို ဘုရားရှင်ရင်ဆိုင်စေခြင်းနှင့် အလားသဏ္ဌာန်တူပါသည်။ သံသယနှင့်မရေရာမှုတို့ကို ခံစားရသောအခါ “ကိုယ်ဉာဏ်ကိုအမှီမပြု”ရန် (သု ၃:၅) သမ္မာကျမ်းစာက ကျွန်မတို့အား သင်ပြပါသည်။ ကျွန်မတို့၏စိတ်၌ အကြောက်တရားနှင့်သံသယများ ပြည့်နေလျှင် ကျွန်မတို့သွားရာလမ်းများသည် မရှင်းမလင်းဘဲ၊ ကွေ့ကောက်နေတတ်သည်။ သို့သော် မိမိသွားရာလမ်းများကို ဘုရားသခင်ထံသို့အပ်နှံလျက် ယုံကြည်ခြင်းဖြင့် ‌ခြေလှမ်းရန် ဆုံးဖြတ်လိုက်သည်နှင့် ဘုရားသခင်သည် ကျွန်မတို့၏ “လမ်းခရီးတို့ကို ပဲ့ပြင်တော်မူ” လိမ့်မည်(:၆)။ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းဖြင့် ဘုရားသခင်ကို သိရှိလာပါက ယုံကြည်ခြင်းခြေလှမ်းကို စိတ်ချသေချာမှု၊ ရဲရင့်မှုဖြင့် ကျွန်မတို့ လှမ်းနိုင်လာလိမ့်မည်။

ဘုရားသခင်ကို မြဲမြံစွာကိုးစား၍ ဘဝ၏ပြောင်းလဲမှုများတွင် ကျွန်မတို့ကို လမ်းပြရန် ကိုယ်တော်အား အခွင့်ပေးပါက ဘဝ၏စိန်ခေါ်မှုများတွင်ပင် လွတ်လပ်ခြင်းနှင့်တည်ငြိမ်မှုကို ကျွန်မတို့ရရှိနိုင်ပါသည်။