ကျွန်တော့်အိမ်ရှေ့တံခါးအပြင်ဘက်တွင် ဘဝ၏ လှပမှုနှင့်တိုတောင်းမှုကို သတိပေးသည့် အပင်တစ်ပင် ပေါက်ရောက်နေသည်။ ပြီးခဲ့သည့်နွေရာသီတွင် ကျွန်တော့်ဇနီးက လပြည့်နှင့်တူသည့် ကြီးမားဝိုင်းစက်သောအပွင့်ဖြူများပါသည့် ‘လပန်းနွယ်ပင်’ကို စိုက်ခဲ့သည်။ ထိုပန်းက တစ်ညတာပွင့်ပြီး နောက်နေ့ မနက်တွင် နေရောင်ကြောင့် ညှိုးနွမ်းကာ ဘယ်သောအခါမှ ပြန်လည် မပွင့်လန်းလာတော့ပါ။ သို့သော် ထိုအပင်သည် ပေါက်ပွားနှုန်းမြန်ပြီး ညနေတိုင်း အသစ်သောပန်းခိုင်ကြီးများနှင့် ဝေဆာနေသည်။ နေ့စဉ် ဖြတ်လျှောက်သွားတိုင်း ထိုအပင်ကို ကြည့်ကာ ကျွန်တော်တို့နှစ်သက်ကြည်နူးရပြီး အိမ်ပြန်လာတိုင်း မည်သို့သော အလှသစ်က ကြိုနေမည်နည်းဟု တွေးနေမိခဲ့သည်။

ထိုနုဖတ်သောပန်းပွင့်များက နှုတ်ကပတ်တော်မှ အရေးကြီးသည့် အမှန်တရားကို အမှတ်ရစေသည်။ တမန်တော်ရှင်ပေတရုက “သင်တို့သည် ဖောက်ပြန် ပျက်စီးတတ်သောမျိုးစေ့အားဖြင့် ဖြစ်ဖွားသည်မဟုတ်၊ မဖောက်ပြန် မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲ တည်တော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဖွား(သည်)။ … လူမျိုးရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ လူမျိုး၏ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏နှုတ်ကပတ်တရားမူကား၊ ကာလအစဉ်အမြဲတည်၏” (၁ ပေ ၁:၂၃-၂၅)ဟု ပရောဖက်ဟေရှာယ၏ စကားများကို ပြန်လည် သတိရခဲ့သည်။

ဥယျာဉ်ထဲ၌ရှိသည့်ပန်းများကဲ့သို့ပင် ကမ္ဘာမြေပေါ်ရှိ ကျွန်တော်တို့၏ သက်တမ်းသည် ထာဝရကာလနှင့်ယှဉ်လျှင် တိုတောင်းလှသည်။ ကျွန်တော်တို့၏ ဘဝတိုတောင်းမှုတွင် ဘုရားရှင်က အလှတရားကို မြွက်ကြားသည်။ သခင်ယေရှု၏ သတင်းကောင်းအားဖြင့် ဘုရားသခင်နှင့် အသစ်တစ်ဖန်အစပြုကာ ကိုယ်တော်၏မျက်မှောက်၌ ထာဝရအသက်ဟူသည့်ကတိတော်ကို ယုံကြည်စွဲလန်းပါ။ ကမ္ဘာမြေ၏နေနှင့်လသည် အမှတ်တရအဖြစ်သာရှိသော်လည်းဘုရားရှင်ကို ကျွန်တော်တို့ ယခုတိုင်ချီးမွမ်းဆဲပါ။