သူကောင်းစွာလုပ်ဆောင်ခဲ့သည့် အရာများစွာ ရှိသော်လည်း ပြဿနာတစ်ခုရှိခဲ့သည်။ လူတိုင်းက ထိုပြဿနာကို မြင်သည်။ သူ၏အခန်းကဏ္ဍအများစုကို ပြီးမြောက်အောင်မြင်စွာ အကျိုးရှိရှိ လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် သူ၏ဒေါသပြဿနာကို မည်သူမျှ၊ ဘယ်သောအခါမှ ထိထိရောက်ရောက် ထိပ်တိုက် ဖြေရှင်းခဲ့ခြင်းမရှိပါ။ ဝမ်းနည်းဖွယ်အကျိုးဆက်မှာ ထိုနှစ်များအတွင်း သူ့ကြောင့် လူများစွာ နာကျင်ခံစားခဲ့ရသည်။ ခရစ်တော်၌ရှိသော ဤညီအစ်ကိုအတွက် ပိုကောင်းသောအခြေအနေ ဖြစ်နိုင်သော်လည်း၊ အဆုံးတွင် သူ၏အသက်မွေးဝမ်းကြောင်းမှုသည် အချိန်မတိုင်ဘဲ ရပ်ဆိုင်းခြင်းသို့ ဦးတည်သွားသည်။ အကယ်၍ ယခင်ကတည်းက သူ့အား ချစ်ခြင်းမေတ္တာဖြင့် ရင်ဆိုင်ဖြေရှင်းရန် ကျွန်တော်ရွေးချယ်ခဲ့ပါက ထိုသို့ဖြစ်လိမ့်မည် မဟုတ်ပါ။
ကမ္ဘာဦးကျမ်း ၄ တွင် ဘုရားသခင်သည် တစ်စုံတစ်ဦး၏အပြစ်ကို ချစ်ခြင်း မေတ္တာဖြင့် ရင်ဆိုင်ဖြေရှင်းခြင်း၏အဓိပ္ပာယ်ကို ပြီးပြည့်စုံသောသရုပ်ဖြင့် ဖော်ပြထားသည်။ ကာဣနသည် ဒေါသထွက်ခဲ့သည်။ သူသည် လယ်သမားတစ်ဦးဖြစ်သည့်အလျှောက် “ထာဝရဘုရားထံ ပူဇော်သက္ကာဖို့၊ မြေအသီးကို ဆောင်ခဲ့၏” (:၃)။ သို့သော် သူယူလာသောအရာသည် လက်ခံနိုင်ဖွယ် မရှိကြောင်း ဘုရားရှင် ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့သည်။ ငြင်းပယ်ခြင်းခံရခြင်းကြောင့် ကာဣန “အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏” (:၅)။ ထို့ကြောင့် ဘုရားသခင် သူ့ကိုထိပ်တိုက်ရင်ဆိုင်ပြီး “သင်သည် အဘယ်ကြောင့် စိတ်ဆိုးသနည်း” (:၆) ဟုပြောကာ၊ အပြစ်ကို လွှဲရှောင်ပြီး ကောင်းမွန်မှန်ကန်သောအရာကို လိုက်လျှောက်ရန် ပြောခဲ့သည်။ ဝမ်းနည်းစရာမှာ ကာဣနသည် ဘုရားရှင်၏စကားကို လျစ်လျူရှုပြီး ကြောက်မက်ဖွယ် ကောင်းသောလုပ်ရပ်ကို ကျူးလွန်ခဲ့သည် (:၈)။
အခြားသူများကို အပြစ်ပြုသည့်အမူအကျင့်များမှ လွှဲရှောင်ရန် ကျွန်ုပ်တို့အတင်းအကြပ် မလုပ်နိုင်သော်လည်း၊ သူတို့ကို သနားကရုဏာဖြင့် ရင်ဆိုင်နိုင် ပါသည်။ ကျွန်ုပ်တို့သည် “မေတ္တာစိတ်နှင့် သမ္မာတရားကို ဟောပြောခြင်း”ဖြင့် ကျွန်ုပ်တို့နှစ်ဦးနှစ်ဘက်သည် “ခရစ်တော်နှင့် ပို၍ပို၍တူလာမည်” ဖြစ်သည် (ဧ ၄:၁၅)။ ဘုရားသခင်သည် ကျွန်ုပ်တို့အား နားထောင်ရန် နားကို ပေးထားသည်ဖြစ်၍၊ အခြားသူများထံမှ ခံရခက်သော အမှန်တရားစကားများကိုလည်း ကျွန်ုပ်တို့လက်ခံနိုင်ရမည်ဖြစ်သည်။