Grainger McKoy (ဂရိန်းဂျာမက်ခွိုင်)သည် ငှက်များ၏တင့်တယ်မှု၊ အားနည်းချက် နှင့် စွမ်းအားများကို လေ့လာပြီး ငှက်ရုပ်များကို ထုဆစ်သော အနုပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏လက်ရာများမှတစ်ခုကို ‘Recovery’ (ပြန်လည်ကောင်းမွန်လာခြင်း) ဟု အမည်ပေးထားပြီး၊ အမြီးချွန်သောဘဲတစ်ကောင်၏ ညာဘက်တောင်ပံကို ဒေါင်လိုက်အနေအထားဖြင့် မြင့်မားစွာ ဆန့်ထားပုံကို ပြသထားသည်။ အောက်ဘက်ရှိ ကဗျည်းပြားပေါ်တွင် “၎င်းသည် ပျံသန်းမှု၌ ငှက်၏အကြီးမားဆုံး အားနည်းချက်အခိုက်အတန့် ဖြစ်သော်လည်း ရှေ့ဆက်ခရီးအတွက် ခွန်အားစုစည်းသောအချိန်လည်း ဖြစ်သည်”ဟု ရေးသားထားသည်။ ဂရိန်းဂျာက “ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌စုံလင်တတ်သည်” (၂ ကော ၁၂:၉) ဟူသည့် ကျမ်းပိုဒ်ကိုလည်း ထည့်သွင်းထားသည်။
အထက်ပါစကားများကို တမန်တော်ရှင်ပေါလုက ကောရိန္သုအသင်းတော်သို့ရေးသားခဲ့သည်။ ကိုယ်ရေးကိုယ်တာ ရုန်းကန်မှုဖြင့် ထိခိုက်ခံစားရသောအချိန်ကို ကြံ့ကြံ့ခံကာ ပေါလုက “ငါ့ကိုယ်၌ဆူးသောစူး” (:၇)ဟု ဖော်ပြလျက် ထိုဆူးကို ဖယ်ရှားပေးရန် ဘုရားသခင်အား တောင်းလျှောက်ခဲ့သည်။ သူ၏ဒုက္ခသည် ရုပ်ပိုင်းဆိုင်ရာဝေဒနာ သို့မဟုတ် ဝိညာဉ်ရေးဆိုင်ရာ အတိုက်အခံပြုခံရခြင်း ဖြစ်နိုင်သည်။ ကားစင်တင်သတ်ခြင်း မခံရမီညက ဥယျာဉ်ထဲ၌ သခင်ယေရှုနည်းတူ (လု ၂၂:၃၉-၄၄)၊ သူ၏ဒုက္ခဝေဒနာကိုဖယ်ရှားပေးရန် ဘုရားသခင်ထံ ပေါလု အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ လိုအပ်သောခွန်အားကို ဘုရားရှင်မစဖြည့်ဆည်းပေးမည်ဟု သန့်ရှင်းသောဝိညာဉ်တော်က အခိုင်အမာ တုံ့ပြန်ခဲ့သည်။ သို့နှင့် ရှင်ပေါလုက “ငါသည် အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏” (၂ ကော ၁၂:၁၀) ဟု သဘောပေါက်သိရှိခဲ့သည်။
အိုး၊ ဤဘဝ၌ တွေ့ကြုံခဲ့ရသည့်ဆူးများက မလွယ်ပါ။ ရှေ့ဆက်ခရီးအတွက် ခွန်အားကို စုစည်းနေသော ငှက်တစ်ကောင်ကဲ့သို့၊ ရင်ဆိုင်ရမည့်အရာများ အတွက် ဘုရားရှင်ထံမှ ခွန်အားများကို ကျွန်ုပ်တို့ရယူစုစည်းနိုင်သည်။ ကိုယ်တော် ၏ ခွန်အား၌ မိမိ၏ကိုယ်ပိုင်ခွန်အားကို တွေ့ရှိနိုင်ပါသည်။