ကျောင်းတက်ရသည့်နေ့တိုင်းတွင် Colleen (ခါလင်း) သည် နေ့ခင်းတိုင်း မတူညီသောဝတ်စုံ (သို့) မျက်နှာဖုံးကို ဝတ်ဆင်ပြီး ကျောင်းကားပေါ်မှဆင်းလာသော သူမ၏ကလေးများကို (၃) နှစ်ကြာမျှ နှုတ်ဆက်ကြိုလေ့ရှိသည်။ ၎င်းသည် ကားမောင်းသူ အပါအဝင်၊ ကျောင်းကားပေါ်မှ ကလေးတိုင်းအတွက်၊ တစ်နေ့တာ ရွှင်လန်းဝမ်းမြောက်စရာပင်ဖြစ်သည်။ “ ကျောင်းကားပေါ်မှာရှိသူတိုင်းကို သူ ပျော်ရွှင်စေတယ်။ အံ့ဩစရာပဲ။ ကျွန်တော်အဲဒါကိုသဘောကျတယ်” ဟု ကားဆရာက ပြောသည်။ ခါလင်း ၏ကလေးများလည်း သဘောတူကြသည်။
ဤအရာအားလုံးသည် ခါလင်း က ကလေးများကို ပြုစုစောင့်ရှောက်ရန် တာဝန်ယူသည့်အချိန်မှ စတင်ခဲ့သည်။ မိဘများနှင့်ခွဲခွာပြီး ကျောင်းသစ်ကို တက်ရခြင်းသည် ကလေးများအတွက် ခက်ခဲကြောင်းသိ၍ သူမသည် ကလေးများကို ဝတ်စုံနှင့် နှုတ်ဆက်ခြင်းကို စတင်ခဲ့သည်။ (၃) ရက်ကြာလုပ်ဆောင်ပြီးနောက် ကလေးများ၏ဆန္ဒအတိုင်း ခါလင်းက ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်နိုင်ရန် အချိန်နှင့် ဈေးချိုသောအရောင်းဆိုင်များတွင် ငွေကို ရင်းခဲ့ရသော်လည်း သတင်း ထောက် Meredith TerHaar (မဲရီဒစ်သ်ထဲဟာ) ဖော်ပြခဲ့သည့်အတိုင်း ထိုလုပ်ရပ်သည် “ပျော်ရွှင်မှုဟူသည့် တန်ဖိုးမဖြတ်နိုင်သောရလဒ်”ကို ဆောင်ကြဥ်းပေးသည်။
ရှောလမုန်မင်းကြီးမှ သားတော်အတွက်ရေးသားသော ပညာအမြော်အမြင်နှင့် ပျော်စရာ အကြံဉာဏ်ပေးသည့်ကျမ်းမှ “စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကိုသွေ့ခြောက်စေတတ်၏။” (သု ၁၇:၂၂) ဟူသည့် ကျမ်းပိုဒ်လေးက မိခင်တစ်ဦး၏ အပြုအမူ၏ ရလဒ်ကို လိုရင်းတိုရှင်း ပြည့်စုံစွာ ဖော်ပြနေသည်။ သူမ၏ကလေးများအားလုံး (သူမ၏ကိုယ်ပိုင်ကလေး၊ မွေးစားကလေး၊ သူမထိန်းသိမ်းစောင့်ရှောက်သောကလေး)များကို ပျော်ရွှင်စေခြင်းဖြင့် ကလေးများ၏စိတ်ကျိုးပဲ့ကြေကွဲမှုကို ကာကွယ်ပေးရန် သူမမျှော်လင့်ခဲ့သည်။
စစ်မှန်ပြီး ရေရှည်တည်မြဲသော ပျော်ရွှင်မှုရင်းမြစ်မှာ ဘုရားသခင်ဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖြစ်သည် (လု ၁၀:၂၁၊ ဂလာ ၅:၂၂)။ အမှုအရေးများကို ရင်ဆိုင်ရန် မျှော်လင့်ချက်နှင့် ခွန်အားကိုပေးသည့် ပျော်ရွှင်မှုတစ်ခုကို အခြားသူများထံ ယူဆောင်လာရန် ကျွန်ုပ်တို့ကြိုးပမ်းစဉ် ဘုရားသခင်၏အလင်းကို ထွန်းလင်းရန် ဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို ထောက်ကူပေးသည်။