Ming (မင်း) ငယ်စဉ်က သူ့ဖခင်သည် အလွန်ရက်စက်ပြီး သူနှင့်ခပ်တန်းတန်း ဆက်ဆံသည်ဟု သူမြင်သည်။ သူဖျားနာသည့်အချိန်တွင် ကလေးအထူးကုဆရာဝန်နှင့် ပြသရန်လိုအပ်သော်လည်း သူ့ဖခင်က သူ့အား သက်သက်ဒုက္ခပေးသည်ဟု ငြူစူခဲ့သည်။ တစ်ကြိမ်တွင် သူ့ဖခင်သည် စကားများရင်းမှ သူ့အားလိုချင်စိတ်မရှိ၍ ကိုယ်ဝန်ဖျက်ချစေလိုသည့် ဆန္ဒရှိခဲ့ကြောင်းကို မင်း သိလိုက်ရသည်။ မလိုချင်သောသားအဖြစ် သူ၏ခံစားချက်က သူအရွယ်ရောက်သည့်အထိ နှစ်ပေါင်းများစွာ သူ့နောက်သို့ အရိပ်သဖွယ် တစ်ကောက်ကောက် လိုက်နေခဲ့သည်။ မင်းသည် ယုံကြည်သူတစ်ယောက် ဖြစ်လာချိန်တွင် ဘုရားသခင်ကို သူ့ဘဝ၏ အရှင်သခင်အဖြစ်သိသော်လည်း အဘအဖြစ်လက်ခံရန် ခက်ခဲနေသည်။
ကျွန်ုပ်တို့လည်း မင်း နည်းတူ လောကီဖခင်၏မေတ္တာကို မခံစားရပါက ဘုရားသခင်နှင့် ဆက်ဆံရေးတွင်လည်း သံသယရှိနေမည်ဖြစ်သည်။ မိမိသည် “ကိုယ်တော့်အတွက် ဝန်ဖြစ်နေမလား၊ ကိုယ်တော် ကျွန်ုပ်ကို ဂရုစိုက်ပါ့မလား”ဟု ကျွန်ုပ်တို့ တွေးမိနိုင်သည်။ လောကီဖခင်က ဆိတ်ဆိတ်နေပြီး ကျွန်ုပ်တို့အပေါ်ခပ်တန်းတန်းဖြစ်နေစဥ် ကောင်းကင်ဘုံရှင် အဘဘုရားက ကျွန်ုပ်တို့အနီးသို့ ချဥ်းကပ်လျက် “သင့်ကိုငါချစ်သည်” ဟုဆိုသည် (ဟေရှာ ၄၃:၄)။
ဟေရှာယအနာဂတ္တိကျမ်း ၄၃ တွင် ထာဝရဘုရားသခင်က ဖန်ဆင်းရှင်အဖြစ်သော်လည်းကောင်း၊ အဘအဖြစ်သော်လည်းကောင်း၊ ကျွန်ုပ်တို့အား မိန့်မြွက်ခဲ့သည်။ သူ၏စောင်မမှုအောက်၌ သူ့မိသားစုဝင်အဖြစ်နေမည်ကို ကိုယ်တော် အလိုရှိမရှိ သင်သိလိုပါက၊ ဝေးသောအရပ်၊ မြေကြီးစွန်းမှ သူ၏သားသမီးအပေါင်းတို့ကိုဆောင်ခဲ့ရန် (:၆-၇) သူ၏လူမျိုးတော်တို့အား မြွက်ဆိုသည့်စကားကို နားထောင်ကြည့်ပါ။ သူ့အတွက် သင်မည်မျှတန်ဖိုးရှိသည်ကို သိလိုပါက “သင်သည် ငါမြတ်နိုးရာဖြစ်သောကြောင့် အသရေရှိပြီ” (:၄)ဟု ကိုယ်တော် အတည်ပြုမိန့်ကြားပါသည်။
“ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏” (ယော ၃:၁၆)။ ကျွန်ုပ်တို့အတွက် ဘုရားသခင်မိန့်ခဲ့၊ ပြုခဲ့သည့် အမှုအရာများကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့ကို လိုချင်ပြီး အလွန်ချစ်သည်ကို အကြွင်းမဲ့ယုံကြည်နိုင်ပါသည်။