နိုဝင်ဘာလခေါင်းစဥ် | အစေခံဝန်ထမ်းခြင်း

အယ်နီတာသည် စားသောက်ဆိုင်၌ မဖွင့်ရသေးသည့် အစားအသောက်အိတ်များကို ကြည့်လိုက်၊ လူ ၈၀ အတွက် နံနက်စာကို ကျွေးမွေးရန် ကျွန်မကိုကူညီပေးမည့် တစ်ဉီးတည်းသော လုပ်အားပေးလူငယ်လေးကို ကြည့်လိုက်နှင့်၊ အချိန်ကလည်း မရှိ၊ အကူအညီလိုသည်ကို သဘောပေါက်ပြီး အယ်နီတာသည် ပြုံးလျက် ဝင်ရောက်ကူညီခဲ့တော့သည်။

မုန့်နှစ်ကိုမွှေကာ မုန့်များပြုလုပ်နေရင်းမှ အယ်နီတာသည် သက်ကြီးပိုင်းစိတ်ရောဂါခံစားနေရသည့် သူ့မိခင်အား အိမ်၌ပြုစုနေရကြောင်း ကျွန်မ သိလိုက်ရသည်။ ဤမနက်တွင် သူနာပြုအကူ ခေါ်ထားသဖြင့် သူမ အားလပ်ကြောင်းပြောပြပြီး သူနားရမည့်အချိန်ကို ဝမ်းမြောက်စွာပေးဆပ်လျက် အစားအသောက်ဝေမည့် အစီအစဉ်၌ သူပါဝင်ပေးခဲ့သည်။

အယ်နီတာ၏ အတ္တမဲ့သည့် စိတ်ထားများက လောက၌ တစ်ပါးသူကို အစေခံခဲ့သည့် ရှင်ယေရှု၏စိတ်သဘောကို ထင်ဟပ်ပြနေသည်။ အမှတ်ရဖွယ် ဉပမာတစ်ခု ပြရမည်ဆိုလျှင် နောက်ဆုံးညစာစားပွဲ၌ သူ့သောကဝေဒနာများကို ဘေးဖယ်လျက် တပည့်တော်များကို ခြေဆေးပေးခဲ့သည်။ မကြာမီ သူသည် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ စိတ်ခံစားမှုပိုင်းတို့တွင် ပြင်းထန်သောဖိစီးမှုကို ခံစားရမည်ကို ယေရှုသိသည်။ ဤဝန်လေးလံမှုကို ဂရုမထားဘဲ တပည့်တော်များ အလိုအပ်ဆုံးသောအရာကို စဉ်းစားပေးပြီး အရေးကြီးသောသင်ခန်းစာကို သွန်သင်ခဲ့သည်။

တပည့်တော်တို့၏ ခြေကိုဆေးရန် ပြင်ဆင်ရင်း သူတစ်ပါး၏အစေခံ လုပ်ကျွေးမှုကို ခံယူခွင့်ရှိသော်လည်း ထိုအခွင့်ကို ဝတ်လုံတော်ချွတ်သကဲ့သို့ (ယော ၁၃:၄) သခင် အလွယ်တကူ ချွတ်ဖယ်ခဲ့သည်။ ကိုယ်တော်သည် လတ်တလောတွင် အရေးကြီးပုဂ္ဂိုလ်၊ ပညာတော်နှင့်ပြည့်စုံသည့် ရဗ္ဗိ၊ ‘လူ့ဇာတိခံယူသော ဘုရားသခင်’ ဖြစ်တော်မူသည်။ သို့သော် သခင်ယေရှုသည် သူ၏အခွင့်အရေးအားလုံးကို စွန့်လွှတ်လျက် ဒူးထောက်ကာ အသားမာတက်ပြီး ခုံးထနေသည့် ခြေထောက်မှ ဖုန်သဲများကို ဆေးကြောသန့်စင်ပေးခဲ့သည်။ ထိုနောက် “ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကိုဆေးရကြမည်” (:၁၄)ဟု မိန့်မြွက်တော်မူသည်။

“မိမိအတ္တ”ကို နောက်ချန်ထားပြီး တစ်ပါးသူကိုချီပင့်ရာတွင် ကြီးသောအမှုဖြစ်စေ၊ ငယ်သောအမှုဖြစ်စေ အစေခံခြင်းအမှုသည် အဓိပ္ပာယ်အရှိဆုံး၊ အရေးပါဆုံးသောအမှုဖြစ်ကြောင်း ခရစ်တော်ပြသခဲ့သည်။ ဘုရားသခင်၏တန်ခိုးတော်ကို အမှီပြုလျက် လူတို့ကိုအစေခံပြီး ယေရှုရှင်ထံပြညွှန်ကြပါစို့။ ထိုသခင်သည် “သူတစ်ပါးကို စေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာ”တော်မူ၏ (မာ ၁၀:၄၅)။

<<ယခင်လစာမူ ပြန်ဖတ်ရန်