မေလခေါင်းစဥ် | ဖန်ဆင်းခြင်း

သင်းအုပ်နှင့်ကဗျာဆရာဖြစ်သူ ဆရာ Maltbie Babcock (မော့ဘီဘက်ကော့) သည် မကြာခဏဆိုသလို သူလမ်းလျှောက်ထွက်တိုင်း သူတွေ့ရသည့် မြင်ကွင်းကျယ်ရှုခင်းနှင့် ပတ်သက်၍ သူခံစားရသည့်ပျော်မွေ့နှစ်သက်မှုများကို “This is My Father’s World” (ခမည်းတော်ကမ္ဘာကျူး) ဓမ္မသီချင်း၌ ရေးသားဖော်ကျူးခဲ့သည်။ ကောင်းကင်၊ ပင်လယ်၊ ဖန်ဆင်းခံသတ္တဝါစသည်တို့အပေါ် သူနှစ်သက် စွဲမက်မှုကို ရေးသားရင်း ဘုရားသခင်၏ တည်ရှိမှုကို ခံစားရလျက် “ခပ်သိမ်းနေရာ သံတော်ကြား”ဟု အဆုံးသတ်ရေးသားခဲ့သည်။

ဖန်ဆင်းသောအရာများ၌ ကျွန်ုပ်တို့ကြားနိုင်သောအသံ မရှိသော်လည်း ကိုယ်တော်၏ လက်ရာတော်များအားဖြင့် “ကောင်းကင်မြေကြီး၊ သမုဒ္ဒရာမှစ၍” (တ ၁၄:၁၅)၊ အရပ်ရပ်တို့၌ ရှိလေသမျှတို့ကို ဖန်ဆင်းတော်မူခြင်းများ၌ ဘုရားသခင်၏ ဘုန်းတော်သက်သေ (ဆာ ၁၉:၁)နှင့် ထာဝရဖြစ်တည်ခြင်း သဘောတော် (ရော ၁:၂၀) စသည့် ဘုရားသခင်၏ဖြစ်ခြင်းကိုလည်း တွေ့ရပါသည်။

လေ၏စွမ်းအား၊ စီးဆင်းသောရေအလျင်၏ မြည်ဟီးသံတို့ကို လေ့လာသော် ဖန်ဆင်းထားသောအရာများက ဘုရားသခင်၏တန်ခိုးတော်ကို ပြသနေပါသည်။ ယောဘဝတ္ထု ၃၈ တွင် ရာသီဉတုကို အမိန့်ပေးခြင်း (:၁၂-၁၃)၊ မိုးလေဝသကို ညွှန်ကြားခြင်း (:၂၂-၃၀)၊ စကြဝဠာကိုဆင်ခြင်ခြင်း (:၃၁-၃၃)၊ အသက်ရှင်သောသတ္တဝါများကို စောင့်ထိန်းခြင်း (:၃၉-၄၁) စသည်တို့က ဘုရားသခင်၏တန်ခိုးတော်ကို ဖော်ပြသည့်သက်သေများဖြစ်သည်။

ဖန်ဆင်းသမျှသောအရာများအားဖြင့်လည်း ဘုရားသခင်၏မြောက်မြားစွာသော ကောင်းချီးမင်္ဂလာများကို ခံစားနားလည်ရခြင်းက နည်းတစ်သွယ်ဖြစ်သည်။ ဖန်ဆင်းသော အရာများအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို အစာရေစာများ (က ၁:၂၉-၃၀)နှင့် ကျွန်ုပ်တို့အသက်ရှင်ရန် မဖြစ်မနေလိုအပ်သည့် အရာများကိုပေးသနားသည် (မ ၆:၂၅-၃၃)။ ရုပ်ပိုင်းဆိုင်ရာ ကောင်းချီးများသာမက “စိမ်းလန်းသောကျက်စားရာအရပ်နှင့် သာယာသောမြစ်နား”တွင် (ဆာ ၂၃:၁-၃) ငြိမ်သက်ငြိမ်းချမ်းမှုကို ခံစားရသောအခါ ကျွန်ုပ်တို့၏စိတ်ဝိညာဉ်ကို ဘုရားရှင် ပြန်လည်၍ ငြိမ်ဝပ်တည်ဆောက်ပေးပါသည်။

ဤနည်းလမ်းများသာမက အခြားသောနည်းလမ်းများစွာသည် သူ့သဘောတော်၊ မေတ္တာတော်နှင့် ကျွန်ုပ်တို့ကို မပြတ်စောင်မ ကြည့်ရှုမှုများကို ဖော်ပြလျက် မြင်နိုင်သော၊ ထိတွေ့ကိုင်တွယ်နိုင်သော ဖန်ဆင်းခြင်းအရာများက ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ဘုရားသခင်သည် မည်သို့သောဘုရားဖြစ်သည်ကို သက်သေပြလျက်ရှိပါသည်။

LISA M. SAMRA၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်