ဇန်နဝါရီလခေါင်းစဥ် | ဒုက္ခဆင်းရဲခံစားရခြင်းနှင့် မျှော်လင့်ခြင်း

ဆင်းရဲဒုက္ခကြီးငယ်များသည် ဘဝလောကဓံ၏ အမှတ်အသားဖြစ်သည်။ အချို့သောလောကဓံမှာ သဘာဝဘေးအန္တရာယ်ကြောင့် လူမှုအသိုင်းအဝိုင်း တစ်ခုလုံး ဆုံးရှုံးမှု၊ ဝမ်းနည်းပူဆွေးမှုကို ခံစားရသည်။ အချို့မှာ လူသားတို့၏ဆိုးညစ်မှု ရလဒ်အဖြစ် ကမ္ဘာမြေ၌ ဆင်းရဲခြင်းသက်ရောက်သည်။ အချို့သက်ရောက်မှုများက လျို့ဝှက်စွာရှိနေပြီး လူတစ်ဉီးချင်းစီ၊ မိသားစုတစ်ခုစီ၌ ကျရောက်သည်။ အဖြစ်အပျက်တိုင်း၌ ဆင်းရဲဒုက္ခများနှင့်စပ်လျဉ်း၍ ၎င်းတို့ဘာကြောင့် ဖြစ်ရ သနည်းဟု နားမလည်နိုင်၊ နားလည်အောင် ရုန်းကန်ကြရခြင်းက တူညီသည်။

ယောဘဝတ္ထုတွင် ကြီးလေးပြင်းထန်သော ယောဘ၏ဆင်းရဲဒုက္ခကို ဖော်ပြထားသည်။ အခန်းကြီး ၃၈ တွင် ဘုရားသခင်စတင်၍ မိန့်မြွက်တော်မူသောအခါ လူသားများ၏ဆင်းရဲဒုက္ခပြဿနာအတွက် တိကျသောအဖြေကို သင်မျှော်လင့်မိမည်။ အဖြေပေးမည့်အစား ဇာတ်ညွှန်းက လုံးဝပြောင်းသွားသည်။ ဘုရားသခင်သည် အဖြေမပေးဘဲ သိပ္ပံဆိုင်ရာမေးခွန်းများကို မေးခွန်းထုတ်ခဲ့သည်။ ထိုမျှမက ခပ်သိမ်းသောဖန်ဆင်းခြင်းအပေါ်ရှိ သူ၏အန္တိမ အချုပ်အခြာတန်ခိုးတော်ကို ဖော်ပြဖွင့်ပြရင်း သတ္တဗေဒ၊ နက္ခတ်ဗေဒ၊ မိုးလေဝသနှင့် ဇလဗေဒစသည့် ပညာရပ်နယ်ပယ်များကိုပါလွှမ်းခြံုသည့် မေးခွန်းများကို မေးခဲ့သည်။

အနန္တတန်ခိုးရှင် ဘုရား၏ရှေ့မှောက်၌ ယောဘကြီး ဆွံ့အငြိမ်သက်လျက်၊ “‌‌ဘာကြောင့်လဲ” ဟု သူသိချင်သော်လည်း ဘုရားသခင်က “‌‌မင်းဘယ်သူလဲ၊ ငါဘယ်သူလဲ” ဟု တုံ့ပြန်ခဲ့သည်။ ကျွန်ုပ်တို့ သင်ခန်းစာယူရန်မှာ – ဘုရားသခင်သည် စကြဝဠာကြီးကို အံ့မခမ်းနည်းလမ်းများဖြင့် လည်ပတ်ထိန်းချုပ်နိုင်သည် ဆိုလျှင် ရှင်းမပြနိုင်သော၊ ပဟေဠိဆန်သော ဘဝလောကဓံများနှင့်စပ်လျဥ်း၍ သူ့မေတ္တာ‌တော်နှင့်တန်ခိုးတော်ကို ယုံကြည်နိုင်ပါသည်။ မိမိ၏အနာဂတ်၊ ရုန်းကန်နေရသည့် မိမိချစ်ရသူတို့၏အနာဂတ်နှင့် စပ်လျဉ်း၍ ဘုရားသခင်ဘာလုပ်မည်ကို မသိနိုင်သော်လည်း၊ ကိုယ်တော်အား ကိုးစားနိုင်ကြောင်း ကျွန်ုပ်တို့သိပါသည်။

နားမလည်နိုင်သည့် ဆင်းရဲဒုက္ခကို ခံစားရသောအခါ ယောဘဝတ္ထုကို အခန်းကြီး ၃၈ မှစပြီး အဆုံးထိဖတ်ရှုလိုက်ပါ။ အကောင်းဆုံးသောနှစ်သိမ့်သက်သာစေသူ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်ကိုးစားနိုင်ပါသည်။

<<ယခင်လစာမူ ပြန်ဖတ်ရန်