ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို မည်သူခံယူရမည်နည်း။ သင်မည်ကဲ့သို့ထင်မြင်ယူဆပါသနည်း။ အဖြေကို ယော ၃း၁၆ တွင် ‘လောကီသား’ ဟူ၍ တွေ့ရှိရပါသည်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို ဖတ်ရှုကြသော ယုဒလူမျိုးတို့အတွက် ထိုအဖြေက အလွန်တုန်လှုပ်စရာ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ရွေးကောက်တော်မူသော လူမျိုးတော်ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သူတို့အတွက်သာဟု မျှော်လင့်ကြသည် (တရား ၇း၆-၈)။ ယခုတွင် လူမျိုးခြား တစ်ပါးအမျိုးသား လောကီသားများအတွက်တဲ့လား။ ယုဒလူမျိုးတို့သည် တစ်ပါးအမျိုးသား များကို ၁၀ ပေ အရှည်ရှိသည့် ဝါးလုံးဖြင့်ပင် မထိလိုကြ။ သို့ငြားလည်း ဘုရားသခင်က လောကီသားအားလုံးကို ချစ်သည်သာမက အပြစ်မှကယ်တင်ရန်ပင် ဆန္ဒရှိသည် (က ၁၂း၃၊ ဟေရှာ ၆၅း၂)။ ယောဟန်အသုံးပြုသော ‘လောကီသား’ ဆိုသည်စကားမှာ အပြစ်နှင့် ပြည့်ဝလျက်ရှိသော လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ဆိုလိုသည် (ယော ၁း၁၀၊ ၇း၇၊ ၁၄း၁၇၊ ၁၅း၁၈-၁၉)။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ယုဒလူမျိုးသာမက အခြားလူမျိုးတိုင်း၊ မျိုးနွယ်တိုင်း၊ တိုင်းနိုင်ငံတိုင်း (ဗျာ ၅း၉)၊ ကုန်ကုန်ပြောရလျှင် အပြစ်သားများ အားလုံးအပေါ် သက်ရောက်မှုရှိကြောင်း ယောဟန်က သူ့လူမျိုးယုဒလူ စာဖတ်သူများနှင့် ယခုခေတ် ကျွန်ုပ်တို့ အားလုံးကို သိစေချင်သည်။

ဘုရားသခင်၏ချစ်ခြင်းသည် ဤလောကကြီးတစ်ခုလုံးကို ချစ်သော၊ လူအားလုံးနှင့် အကြုံးဝင်သက်ဆိုင်သော အချစ်ဖြစ်သည်။ မျက်နှာလိုက်သော အချစ်မျိုးမဟုတ်ဘဲ လူသားတိုင်းကို ချစ်သောအချစ်ဖြစ်သည်။ ‘သင့်ကို ဘုရားသခင်ချစ်သည်’ ဟု လူတိုင်းကို ကျွန်ုပ်တို့ပြောနိုင်ပြီး မိမိ၏ဆိုးညစ်သောဒုစရိုက်မှလှည့်ပြန်ကာ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို မြည်းစမ်းကြည့်ရန် လူအပေါင်းတို့ကို ဖိတ်ခေါ်နိုင်သည်။

အခြားသူများသိရှိအောင် သူ၏ကြီးမြတ်၍ ချစ်တတ်သောနှလုံးသားကို ကျွန်ုပ်တို့တို့မှတစ်ဆင့် လှစ်ဟပြရန် ဘုရားသခင် မျှော်လင့်လျက် ရှိသည်။ ထိုသို့လုပ်ဆောင်ရန် သူ့အား ခွင့်ပြုမည်လား။ ကျွန်ုပ်တို့ကို သူချထားသည့် ကျောင်း၊ အလုပ်ခွင်နှင့် အိမ်နီးချင်းခြင်းမှ အစပြု၍ စတင် လုပ်ဆောင်နိုင်ပါသည်။