ဥပမာ – အချို့က ဘုရားသခင်သည် လူပုဂ္ဂိုလ်မဟုတ်ဘဲ သဘာဝအင်အားစုတစ်ခုဖြစ်သည်ဟူ၍လည်းကောင်း၊ အချို့က သူသည် အလွန်ဝေးလံသော အရပ်၌ရှိသဖြင့် သူ့ကိုလူတို့ မသိနိုင်ဟူ၍ လည်းကောင်း၊ ထင်မြင်ယူဆကြသည်။ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ ကလည်း ဘုရားသခင်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏အမြင်ကို အရောင်ဆိုးပြောင်းလဲစေသည်။ အထူးသဖြင့် လူမျိုးစုများ သို့မဟုတ် ပထဝီနေရာဒေသကိုလိုက်ပြီး ဘုရားသခင်ကို နယ်စားနတ်ဘုရားအဖြစ် သတ်မှတ်ယူဆကြသည်။ ဘုရားသခင်ရှိကြောင်းကို မယုံကြည်သူများလည်း ရှိသေးသည်။ ဤသို့ဆန့်ကျင်ဘက်ဖြစ်သော အမြင်များကြားတွင် ကျွန်ုပ်တို့အတွက် ဘုရားသခင်သည် မည်သူဖြစ်သနည်း။

ယော ၃း၁၆ ကျမ်းပိုဒ်တွင် ‘ဘုရားသခင်သည် ….. ‘ ဟူသော စကားလုံးသည် အလွန်မှ အရေးပါပါသည်။ ဘုရားသခင် အမှန်တကယ် ရှိနေသည်သာမက ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်လည်းဖြစ်သည် (က ၁း၁)။ အကယ်စင်စစ် ကျွန်ုပ်တို့သည် သက်ရှိ လူသားများ ဖြစ်ပြီး ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရခြင်းကြောင့်(က ၁း၂၇)၊ ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ဘုရားသခင်သည် ပုံသဏ္ဌာန် မရှိသော သဘာဝအင်အားစုတစ်ခု မဖြစ်နိုင်ပါ။

ပုဂ္ဂိုလ်ဖြစ်တော်မူသော ဘုရားသခင်ဖြစ်သည့်အတွက်ကြောင့် သူသည် ကျွန်ုပ်တို့နှင့် ပတ်သက်ဆက်နွယ်လျက်ရှိပြီး ကျွန်ုပ်တို့အနေဖြင့် သူ့အား သိနိုင်ပေသည်။ ဘုရားသခင်၏ ဆန္ဒအမှန်သည်လည်း ကျွန်ုပ်တို့ သူ့ကို သိကျွမ်းရန်ပင်ဖြစ်သည် (၁ ပေ ၅း၇၊ ၂ ကော ၅း၂၀)။ သူသည် ကျွန်တော်တို့အပေါ် ဂရုတစိုက်ရှိသည်သာမက သူ့ထံသို့ ပြန်လည်ချဉ်းကပ်ရန် အလွန်လိုလား တောင့်တလျက် ရှိသည်။ အံ့ဩဖွယ်ပင်ဖြစ်သည်။

ကျွန်ုပ်တို့က သူ့အား မနာခံ အာခံခဲ့သော်ငြားလည်း သူသည် ကျွန်ုပ်တို့အား ပစ်မထားဘဲ ကျွန်ုပ်တို့ထံသို့ အရောက်ချဉ်းကပ်လာသည် (ရော ၅း၈)။ ယခုတွင် ကျွန်ုပ်တို့သည် အပြစ်၏ကျိန်ခြင်းအောက်၊ မျှော်လင့်ခြင်းမဲ့လျက် လမ်းပျောက်နေသောအဖြစ်မှ အမှန်ပင် လွတ်မြောက်ကြပါပြီ။ အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်တို့အား အပြစ်မှကယ်တင်ရန် သူ့ဘက်မှအစပြုလျက် အလုံးစုံ တာဝန်ယူ ခဲ့သည်။

ဤပုဂ္ဂိုလ်သည်ကား ကျွန်ုပ်တို့၏ဘုရားသခင်ပေတည်း။ အခြားသူများအား ဤပုဂ္ဂိုလ်၏အကြောင်းကို ဝေငှခွင့်ရခြင်းသည် ကျွန်ုပ်တို့ အတွက် အခွင့်ထူးတစ်ရပ်ပင်ဖြစ်သည်။