ဒီဇင်ဘာလခေါင်းစဥ် | ခွန်အားပေးမစမှု
လူထုသဘောထားစစ်တမ်းတွင် Abraham Lincoln (အာဗြံဟံလင်ကွန်း) သည် အထင်ရှားဆုံးသော အမေရိကန်သမ္မတအဖြစ် ထိပ်ဆုံး၌ရှိနေသည်။ သူ့တစ်သက်လုံးရင်ဆိုင်ရုန်းကန်ခဲ့ရသော စိတ်ကျရောဂါ၊ စိတ်ပင်ပန်းလွန်ရောဂါနှင့် သူလူငယ်ဘဝက သူ့ကိုယ်သူသေကြောင်းကြံစည်တတ်သဖြင့် စောင့်ကြည့်ခဲ့ကြသောအိမ်နီးချင်းများ စသည့်အခြေအနေများ၏ အထွတ်အထိပ်တွင် ဒုက္ခသောကများလှသော သမ္မတရာထူးကို သူရရှိခဲ့သည်။
ထိုသို့ဖြစ်သည့်တိုင် သူမည်သို့ ရပ်တည်လုပ်ဆောင်နိုင်ခဲ့သနည်း။ သူအသတ်ခံရသည့်ညက လင်ကွန်း၏အိတ်ကပ်ထဲ၌ သူ၏ခေါင်းဆောင်မှု၊ အပြုသဘောလွှမ်းမိုးနိုင်မှုစသဖြင့် သူ့ကို ချီးမွမ်းခန်းဖွင့်ထားသည့် သတင်းစာအပိုင်းအစများကို ထိုးထည့်ထားသည်ကို တွေ့ခဲ့ရသည်။
ခွန်အားပေးမစမှုကို ကျွန်ုပ်တို့အားလုံး လိုအပ်ပါသည်။ ဟေဗြဲသြဝါဒစာ ၁၀:၂၃-၂၅ ကိုရေးသားသူ က “မျှော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်း၊ မရွှေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား ကတိထားတော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ထိုမှတစ်ပါး မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန့်အံ့။ လူအချို့တို့၏ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကို ထောက်သဖြင့် သာ၍ကြိုးစားကြလော့” ဟု ဆိုထားသည်။
ဧဖက်သြဝါဒစာ ၄:၂၉ တွင် “ညစ်ညူးသောစကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသောသူတို့၏အကျိုးကို ပြုစုစေခြင်းငှာ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာ သုံးဆောင်ကြလော့”ဟု ဆိုထားသည်။ အိမ်ထောင်မိသားစု၊ အသင်းတော်နှင့် ရပ်ရွာတွင် ထိုသို့အသက်ရှင်ပြုမူမည်ဆိုပါက ဘာဖြစ်လာမည်ကို မြင်ယောင်ကြည့်လိုက်ပါ။
သင်တစ်ဉီးတည်း မလှုပ်ရှားပါနှင့်။ ဟေဗြဲသြဝါဒစာ ၁၀:၂၅ က “အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်”ဟု သတိပေးထားသည်။ ယေရှုရှင်လည်း တစ်ဉီးတည်း မလှုပ်ရှားပါ။ ဘဝအသက်တာနှင့်အမှုတော်လုပ်ငန်းကို သူနှင့်မျှဝေလုပ်ဆောင်ပေးနိုင်မည့်လူတစ်စုကို သခင်စုရုံးထားသည်။ အလိုအပ်ဆုံးအချိန်တွင် သူ၏အရင်းနှီးဆုံးမိတ်ဆွေများအား မအိပ်ဘဲစောင့်လျက် သူနှင့်အတူဆုတောင်းရန် တောင်းဆိုခဲ့သည်။ ယေရှုရှင်ပင်လျှင် ထိုသို့သော ထောက်မမှုကိုရှာဖွေခဲ့သည်ဆိုပါလျှင် ကျွန်ုပ်တို့လည်း သခင်နည်းတူ ရှာသင့်သည်မဟုတ်လား။
ဤခရီးကို အတူလျှောက်လှမ်းသွားလျက် တစ်ဉီးနှင့်တစ်ဉီး အားပေးမစမှုကို တမင် ရည်ရွယ်ကာ လုပ်ဆောင်ကြပါစို့။ ထိုအခါ မည်သူမျှသည် တစ်ဉီးတည်း ဖြစ်မနေတော့ပါ။