မတ်လခေါင်းစဥ် | ဘဏ္ဍာစိုးကောင်း

လတ်တလောတွင် ကျွန်တော်သည် ဒေါ်လာသန်းပေါင်းများစွာကို စီမံကွပ်ကဲရသော်လည်း အကျိုးအမြတ်ရရန်၊ ဥစ္စာရှာဖွေသိုမှီးရန် အားစိုက်ထုတ်မှုမရှိသည့် ကုမ္ပဏီတစ်ခု၏ရာထူးအမြင့်ဆုံးအရာရှိနှင့် ရက်အနည်းငယ် အချိန်ယူ ပြောဆိုဆွေးနွေးခဲ့သည်။ ထိုအစား ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆင့်မြင့် နည်းပညာကျောင်းများ တည်ထောင်ပေးခြင်း၊ ကုမ္ပဏီများအား ၎င်းတို့၏ဝန်ထမ်းများကို ထောက်ပံ့အားပေးမှုပြုရန် ဆော်ဩပေးခြင်း၊ အလုပ်အမှုဆောင်မဟုတ်သော အကြံပေးလူငယ်များပါဝင်သည့် ဘုတ်အဖွဲ့များကို မီးမောင်းထိုးပေးရန် သက်ရောက်မှုအရှိန်အဝါကို တိုးစေခြင်း စသည့် သူတစ်ပါးကောင်းကျိုး ဖန်တီးပေးရန်အလို့ငှာ မည်သို့ ငွေကြေးရင်းနှီးမြှုပ်နှံမှုပြုရန် စဥ်းစားစဥ် သူအားတက်သရော ပါဝင်ဆွေးနွေးခဲ့သည်။

ကင်ဆာဆေးသွင်းကုသမှု ခံယူနေရသည့် အထက်တန်းကျောင်းသူလေးတစ်ဦးအတွက် လိုအပ်သောအထောက်အပံ့များ (အစားအသောက်၊ အကြိုအပို့၊ အလှူငွေ)ရှာဖွေ ကောက်ခံသည့် ရေရှည်အစီအစဥ်တစ်ရပ်ကို ဦးဆောင် စည်းရုံး အကောင်အထည် ဖော်နေသည့် မိတ်ဆွေတစ်ဦးကလည်း ကျွန်တော့်ကို သူ့အဖွဲ့၏ အုပ်စုအီးမေးလ်ထဲ ထည့်ထားသည်။ အခြားမိတ်ဆွေတစ်ဦးကလည်း စိုးရိမ်ဖွယ် ရိုးရိုးပျားမျိုးများသေဆုံးနှုန်းနှင့် ကျွန်ုပ်တို့၏အလွန်အကျွန်စားသုံးမှုအပေါ် သွယ်ဝှိုက်၍ ကြီးမားသော ဂယက်ကျရောက်ခြင်း ပြဿနာကို နှိုက်နှိုက်ချွတ်ချွတ် စူးစမ်းရှာဖွေလျက်၊ လူသားများနှင့် ပျားများ အားလုံးအတွက် ပို၍ ကောင်းမွန်ပြီး သဘာဝဝန်းကျင်နှင့် လိုက်လျောညီထွေသော ဂေဟစနစ်ကို ဖန်တီးလျက် ပျားများကို စောင့်ရှောက်နိုင်မည့် လက်တွေ့ကျပြီး ရိုးရှင်းလွယ်ကူသည့် သတင်းအချက်အလက်များကို လက်ဆင့်ကမ်းပေးသည်။

နေရာစုံမှ ဘဝအဖုံဖုံနှင့် အလွန်ခြားနားသည့် စွမ်းရည်များနှင့် တစ်ယောက်နှင့်တစ်ယောက် လုံးဝ ကွဲပြားသည့် လူသုံးဦးဖြစ်ပါသည်။ သူတို့ဖြစ်သည့်အတိုင်း သူတို့၌ရှိသည့် အရာဖြင့် တစ်ပါးသူကို အစေခံနေကြသည်။ ၎င်းသည် ရှင်ပေတရုက ကျွန်ုပ်တို့မည်သို့ ရှင်သန် နေထိုင်ရန် စိန်ခေါ်နေသည့်အရာ အတိအကျပင်ဖြစ်သည်။ “သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ ဘုရားသခင်၏ အထူးထူးအပြားပြားသော ကျေးဇူးတော် ဘဏ္ဍာစိုးကောင်းကဲ့သို့ အချင်းချင်းဝေငှ‌ပေးကမ်းကြလော့” (၁ ပေ ၄:၁၀)။

မည်မျှ လွှမ်းမိုးနိုင်မှု၊ ကျွမ်းကျင်မှု၊ ငွေကြေးရှိမှု၊ ထိုးပေါက်သက်ရောက်နိုင်သော အရေးပါသည့် သက်ရောက်မှုတို့အပေါ် ရှင်ပေတရု စိတ်ဝင်စားမှုမရှိပါ။ အခြားသူတို့ကိုယ်စားအသုံးပြုရမည့် ဆုကျေးဇူးအချို့ကို ဘုရားရှင် ကျွန်တော်တို့တစ်ဦးချင်းစီအား ပေးအပ်ထားကြောင်းကိုသာ သူအခိုင်အမာဆိုပေ၏။

Winn Collier ၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်