ဇွန်လခေါင်းစဥ် | သန့်ရှင်းခြင်း

ကျွန်ုပ်တို့ခေတ်တွင် ‘သန့်ရှင်းခြင်း’ ဆိုသည့်စကားကို မကြာခဏ တစ်လွဲနားလည်ကြပေရာ၊ သူများထက်သာသည့် အကျင့်အကြံကြောင့် မာနကြီးသူအား ‘ဘုရားဖြစ်မဲ့ အုတ်နီခဲ’ ဟူ၍ အပျက်သဘောဆောင်ကာ ပြောဆိုသုံးနှုန်းမှုကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် သန့်ရှင်းခြင်းကို သခင်ယေရှုအား ယုံကြည်သူတို့ နားလည်ရန် အဘယ့်ကြောင့် အရေးကြီးသနည်း။

‘သန့်ရှင်းခြင်း’ ဟူသည့် ဝေါဟာရသည် (ဟေဗြဲလို qodesh၊ ဂရိလို hagios) သမ္မာကျမ်းစာတွင် ‘ဘုရားသခင်အသုံးပြုရန် သီးသန့်ဖယ်ထားခြင်း’ဟု အဓိပ္ပာယ်ရသည်။ ဘုရားရှင်နှင့်အကြံအစည်တော်အတွက် သီးသန့်ထားသောအသက်တာ၏ရလဒ်မှာ သန့်စင်ခြင်းနှင့် အသုံး ဝင်ခြင်းပင်ဖြစ်သည်။ ဝတ်ပြုရာကျမ်း ၁၁ ကို ကိုးကား၍ ရှင်ပေတရုက “အထက်က သင်တို့ သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်းတရားကို ယခုမလိုက် မကျင့်ဘဲ၊ နားထောင် တတ်သောသူငယ်ကဲ့သို့ဖြစ်၍ သင်တို့ကို ခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်း တူ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။ အကြောင်းမူကား ငါသည် သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့” ဟုရေးခဲ့သည် (၁ ပေ ၁:၁၄-၁၆) ။

ထို့ကြောင့် ‘သီးသန့်ဖယ်ထားခြင်း’မှာ မည်သည်နည်း။ ရှင်ပေါလုက ရောမသြဝါဒစာ ၁၂:၁-၂ တွင် “ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရား သခင်နှစ်သက်တော်မူဖွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့ သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်း တည်းဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြုမည့်အကြောင်း ဘုရားသခင်၏ကရုဏာတော်ကိ ထောက်ထား၍ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။ သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သော အရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် ဘယ်အရာဖြစ်သည်ကို သင်နိုင်မည့်အကြောင်း စိတ်နှလုံးကို အသစ် ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့” ဟု ရေးသားခဲ့သည်။

ခရစ်တော်၏နာမ၌ ယုံကြည်သူများ မည်သို့အသက်ရှင်ရမည်ကို ထင်ရှားစွာ ဖော်ပြနေသည့် ရှင်ပေါလု၏‌ရေးသားချက်ကို သတိပြုပါ။ အသက်ရှင်ခြင်း၊ သန့်ရှင်းခြင်း၊ ဘုရားသခင်နှစ်သက်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်၊ လောကီပုံသဏ္ဌာန်ကို မဆောင်၊ ဘုရားအလိုတော်ရှိသောအရာကို သင်ရန်၊ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို ရောက်ခြင်းဟု ဆိုထားပါသည်။

မိမိခွန်အား၊ ဉာဏ်ပညာနှင့် အစွမ်းဖြင့် ၎င်းတို့ကို မလုပ်နိုင်ပါ။ ကျွန်ုပ်တို့ကို ရွေးနှုတ်သော သန့်ရှင်းတော်မူသည့် ဘုရားသခင်နှင့် သဟဇာတဖြစ်စွာ ရှင်သန်နိုင်ရေး ဝိညာဥ်တော်အားဖြင့် ကျွန်ုပ်တို့၏နှလုံးသားတွင် အလုပ်လုပ်ရန် ဘုရားသခင်ကို အခွင့်ပေးခြင်းဖြင့်သာ ကျွန်ုပ်တို့ ထိုသို့ အသက်ရှင်နိုင်လိမ့်မည်။

BILL CROWDER၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်