ဇူလိုင်လခေါင်းစဥ် | ဝိညာဥ်ဆုကျေးဇူး

နှစ်အတန်ကြာက သင်းအုပ်ညီလာခံတစ်ခုသို့ ကျွန်ုပ်တက်ရောက်ခဲ့စဥ်က သခင်ယေရှုကို ယုံကြည်သူတို့ ဝိညာဥ်ဆုကျေးဇူးများကို အသုံးပြုခြင်း၏ အကျိုးသက်ရောက်မှုကို အားတက်ဖွယ်ရာ တွေ့ကြံုခံစားခဲ့ရသည်။ ညီလာခံကို တာဝန်ယူလက်ခံကျင်းပသည့် အိမ်ရှင်သင်းအုပ်ဆရာ၏ သွန်သင်နိုင်ခြင်းစွမ်းရည်ဖြင့် ရာနှင့်ချီသည့် တက်ရောက်လာသူများကို စိတ်ဓာတ်မြှင့်တင်သင်ကြားပို့ချနိုင်ခဲ့သည်။ သို့သော် တေးဂီတဖြင့် ဦးဆောင်ခြင်း၊ ဆုတောင်းခြင်း၊ စီမံခန့်ခွဲခြင်း၊ စုရုံးရောက်ရှိလာသူများကို အားပေးမစနိုင်သည့် အခြားစွမ်းရည်များစွာဖြင့် အစေခံခြင်း စသည့် ဧည့်ဝတ်ကျေပြွန်မှု၊ ရက်ရောစွာပေးလှူမှု ဆုကျေးဇူးများကို အသုံးချသည့် မြင်ကွင်း၌မြင်ရသူများနှင့် မြင်ကွင်းနောက်ကွယ်မှ မမြင်ရသူတို့၏ပါဝင်မှုကိုလည်း အမှတ်ပေးရမည်။ ကလေး၊ လူငယ်၊ လူလတ်ပိုင်း၊ လူကြီးအားလုံးတို့က အတူတကွ အခွင့်အရေးရလျှင်ရသလို ဝမ်းမြောက်စွာ ကူညီကြသည်။ လူများစွာ အစေခံနိုင်ခြင်းကြောင့် သာ၍များသောကျေးဇူးတော်ကို မျှဝေနိုင်ခဲ့သည်။

‘ဘုရားရှင်၏ကျေးဇူးတော်ကို မျှဝေသည့်နည်းလမ်းများ’ ဟုသိမြင်ခြင်းသည် ဝိညာဥ်ဆုကျေးဇူးကို ရှုမြင်ရာ၌ အထောက်အကူဖြစ်သည်။ အသင်းတော်နှင့် လောကကြီးတွင် ကျွန်ုပ်တို့၏ဆုကျေးဇူးအားဖြင့် ဘုရားသခင်သည် သူ၏ “အထူးထူး အပြားပြားသော” ကျေးဇူးတော်ကို ဝေမျှပါသည်။ “သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီး ခံရကြသည်နှင့်အညီ ဘုရားသခင်၏ အထူးထူးအပြားပြားသော ကျေးဇူးတော် ဘဏ္ဍာစိုးကောင်းကဲ့သို့ အချင်းချင်းဝေငှ ပေးကမ်းကြလော့” (၁ ‌ပေ ၄:၁၀)။

ဓမ္မသစ်ကျမ်းမှ ဝိညာဥ်ဆုကျေးဇူးနှင့်ဆိုင်သည့် အခြားကျမ်းပိုဒ်များအနက် (ရော ၁၂:၃-၈၊ ၁ ကော ၁၂:၂၇-၃၁) ရှင်ပေတရု၏ဖော်ပြချက်က (၁ ပေ ၄:၁၀-၁၁) “အခြေခံ ဝိညာဥ်ဆုကျေးဇူး သင်ခန်းစာ”နှင့် တူပါသည်။ ၎င်းသည် တိကျရှင်းလင်းပြီး အခြေခံကျသည်။ ဆုကျေးဇူးကိုပေးသော ဘုရားရှင်သည် အလိုတော်အတိုင်း ဆုကျေးဇူးများကို ခွဲဝေပေးသည်။ ခရစ်တော်၏ခန္ဓာတည်းဟူသော အသင်းတော်မှ အသင်းသားများသည် ဆုကျေးဇူးကို လက်ခံရရှိသူ၊ ကျေးဇူးတော်ကို သွယ်ပို့ပေးသူများ ဖြစ်သည်။

ဘုရားသခင်၏ကျေးဇူးတော်သည် အမျိုးစုံလင်စွာ၊ ကျယ်ပြန့်စွာ၊ ကြွယ်ဝစွာရှိပေရာ ခရစ်တော်၌ ကျွန်ုပ်တို့ ကြီးထွားရင့်ကျက်လာအောင် မစကူညီရန် ကိုယ်တော်သည် နည်းလမ်းများစွာနှင့် ဆုကျေးဇူးအမျိုးမျိုးကို အသုံးပြုသည်။ ကိုယ်တော်အား ချီးမြှောက်ကောင်းချီးပေးရန်နှင့် တစ်ဦးနှင့်တစ်ဦးကို အစေခံနိုင်ရန် မိမိအား ပေးအပ်သည့်ဆုကျေးဇူးများကို အသုံးပြုကြပါစို့။

Arthur Jackson ၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်