သြဂုတ်လခေါင်းစဥ် | မှန်မှန်ကန်ကန် ရိုးရိုးသားသား အသက်ရှင်သန်ခြင်း

တန်ဖိုးမဖြတ်နိုင်သော အနုပညာလက်ရာ စစ် မစစ် အစစ်ဆေးခံရသကဲ့သို့ ကျွန်ုပ်တို့အားလုံး ကို မှန်ကန် ရိုးသားသူအဖြစ် သိကြရန် မျှော်လင့်ကြသည်။ ရှင်ယေရှုကိုယုံကြည်သူများအနေဖြင့် တစ်ခါတစ်ရံ အသက်တာ၌ မပြည့်စုံသည့်အစိတ်အပိုင်းများကို ဖုံးကွယ်ရန် ဖိအားကို ခံစားရသည်။ မိမိ၏အပြောအဆိုနှင့်အပြုအမူများ၌ မှန်မှန်ကန်ကန် ရိုးရိုးသားသား အသက်ရှင်သန်နိုင်ရန်အတွက် ခွင့်လွှတ်ခြင်းကို ကျွန်ုပ်တို့လိုအပ်ကြောင်း သိရှိခြင်းဖြင့် အစပြုရပါသည်။ ကျွန်ုပ်တို့၏အားနည်းချက်က ဘုရားရှင်၏အံ့ဖွယ်ကျေးဇူးတော်ကို ထင်ရှားစေနိုင်သဖြင့် မှန်မှန်ကန်ကန် ရိုးရိုးသားသား အသက်ရှင်ခြင်းက အသက်တာ၏အထွတ်အထိပ်နိဂုံး ဖြစ်သည်။

မှန်မှန်ကန်ကန် ရိုးရိုးသားသား အသက်ရှင်သန်နိုင်ရန် ကျွန်ုပ်တို့ဘာလုပ်နိုင်မည်နည်း။
‘ကျွန်ုပ်တို့၏မျက်လုံးအမြင်ကို ဖွင့်ပေးရန် ဘုရားရှင်ထံ ဆုတောင်းပါ။’ ဆာလံဆရာကဲ့သို့ “အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ … ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ”ဟု (ဆာ ၁၃၉:၂၃-၂၄) ဆုတောင်းပါ။

‘နှိမ့်ချသောနောင်တစိတ်ဖြင့် တုံ့ပြန်ပါ။’ ဖာရိရှဲနှင့် အခွန်ခံပံုဥပမာကို ဆင်ခြင်ပါ။ ဖာရိရှဲက သူ၏ဖြောင့်မတ်ခြင်းကို ချီးမွမ်းစဥ် အခွန်ခံသည် နောင်တနှင့် “အိုဘုရားသခင်၊ အပြစ်များသောအကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါ” ဟုဆိုသည် (လု ၁၈:၁၃)။ အခွန်ခံသည် ဘုရားသခင်ရှေ့၌ အပြစ်လွှတ်လျက် အိမ်ပြန်သွားကြောင်း ရှင်ယေရှုမိန့်ဆိုခဲ့သည်။

‘ဘုရားသခင်၏ကျေးဇူးတော်၌ ဝမ်းမြောက်ပါ။’ “ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်” (၂ ကော ၁၂:၉)ဟု ဘုရားရှင် မိန့်တော်မူကြောင်း ရှင်ပေါလု သက်သေပြုခဲ့သည်။ မိမိ၏အားနည်းချက်နှင့် အပြစ်ကို သိမှတ်ဝန်ခံခြင်းက ဘုရားရှင်၏ခွင့်လွှတ်ခြင်းကို ရှာဖွေရန် အမှန်ကန်ဆုံးသောလမ်းသို့ ပို့ဆောင်ပေးပြီး၊ သန့်ရှင်းသောဝိညာဥ်တော်အားဖြင့် ခရစ်တော်နှင့်တိုး၍ သဏ္ဌာန်တူအောင် ပြုပြင်ပေးသည်။

‘ရိုးဖြောင့်မှုရှိရန် ဝန်ခံသံန္နိဌာန်ချပါ။’ မိမိအပေါ် သူတစ်ပါး၏အထင်အမြင် ပြောင်းသွား စေသည့်တိုင် ၎င်းတို့နှင့် ဆက်ဆံရာ၌ စစ်မှန်ရိုးသားမှုရှိပါ။ လူများ ကျေနပ်နှစ်သက်အောင် စကားပြောခြင်းထက် ကျွန်ုပ်တို့၏စိတ်နှလုံးသားကို စစ်ဆေးသူ ဘုရားရှင်၏ကျေနပ်နှစ်သက်စေရေးကို (၁ သက် ၂:၄) ကြိုတင်၍ သံန္နိဌာန်ချမှတ်ထားရမည်။

သခင်ယေရှု၌ စစ်မှန်သောအသက်တာဖြင့် အသက်ရှင်ရန်မှာ နှိမ့်ကျပြီး ခက်ခဲနိုင်သည်။ သို့သော် ထိုသို့အသက်ရှင်ရန် ကိုယ်တော်မစသောအခါ ဘုရားရှင်ချီးမြှောက်ခံရပြီး၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းစစ်မှန်မှုကို တစ်ပါးသူတို့ မြင်တွေ့ကြလိမ့်မည်။

Karen Pimpo ၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်