စက်တင်ဘာလခေါင်းစဥ် | နောက်ဆုံးသောကာလဆိုင်ရာ လေ့လာမှု

တပည့်တော်များအတွက် ကြီးစွာသောနှစ်သိမ့်သက်သာမှုဖြစ်ရန် သူပြန်ကြွလာမည့်အကြောင်းကို သခင်ယေရှု မိန့်ကြားခဲ့သည်။ ကားစင်တင်ခြင်း မခံရမီညက ပသခါပွဲကျင်းပခဲ့သည့် အထက်ခန်း၌ “တစ်ဖန်တုံ ယေရှုက သင်တို့စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။ ငါသည် သွား၍ သင်တို့ နေစရာ အရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်” (ယော ၁၄:၁-၃) ဟု မိန့်တော်မူ၏။

ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ ဗျာဒိတ်ကျမ်း ၂၁:၄

သခင်ခရစ်တော်က “ငါသည် … တစ်ဖန်လာပြန်၍” ဟု အသေအချာပြောသည်ကို သတိပြုမှတ်သားပါ။ ကိုယ်တော်ထွက်ခွာသွားမည် ဟူသည့်သတင်းကြောင့် တပည့်တော်တို့ အနေဖြင့် နားလည်အောင် ကြိုးစားနေရသည့်အတွက် သူ့အဘအိမ်တော်သို့ လူတို့ကို ခေါ်ဆောင်သိမ်းဆည်းရန် သူတစ်ဖန်ပြန်လာမည်ဟု သခင်ယေရှုက ဤကတိစကားဖြင့် နှစ်သိမ့်ခဲ့ခြင်းဖြစ်သည်။ ဤမျက်မှောက်လောက၌ လူအပေါင်းတို့သည် စိုးရိမ်မှုသောကနှင့် ကြောက်ရွံ့မှုများဖြင့် လုံးပန်းနေရပေရာ၊ ထာဝရအိမ်တော်နှင့်ဆိုင်သည့် အတွေးများက လူတို့အတွက် ကြီးစွာသောမျှော်လင့်ခြင်းကို ဖြစ်စေပါသည်။ ထိုအသစ်သောအိမ်တော်ကို ရှင်ယောဟန် မည်သို့ပုံဖော်သည်ကို မှတ်သားပါ။ “ကောင်းကင်မှ ကြီးသောအသံကား ဘုရားသခင်၏တဲတော်သည် လူတို့တွင် ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင် ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ … အ‌ကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ” (ဗျာ ၂၁:၃-၄)။

သခင်ယေရှု၏ တစ်ဖန်ပြန်ကြွလာခြင်းက ဘုရားသခင်၏ ပြီးပြည့်စုံသောတည်ရှိခြင်း၊ အပြစ်၏အကျိုးဆက်ကို ဖြေရှင်းပြီးခြင်း၊ နာကျင်ဝမ်းနည်းရသူအားလုံးတို့ အတွက် နှစ်သိမ့်သက်သာစေခြင်း စသည်တို့ကို ဖော်ပြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုနာကျင်မှုတို့၏ အရင်းအမြစ်ကို ပြန်လည်၍ တည့်မတ်မှန်ကန်စေခဲ့ပြီဖြစ်သည်။

Bill Crowder ၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်