အောက်တိုဘာလခေါင်းစဥ် | ဝိညာဥ်ရေးရာ ကြီးထွားရင့်ကျက်ခြင်း

ကျွန်တော်ဆယ်ကျော်သက်အရွယ်က Clyde (ခလိုက်ဒ်) သည် ကျွန်တော့်ကို လမ်းပြပေးသော ဓူဝံကြယ်ဖြစ်ခဲ့သည်။ သူသည် သူ့ကောလိပ်ကျောင်း ဘက်စကတ်ဘောအသင်း၏ ထူးချွန် အားကစားသမားတစ်ဦး ဖြစ်ပြီး (ကျွန်တော်ကမူ ခါးလိမ်ကွင်း ကစားသည်)။ သူ၏စကားပြောပုံ၊ ပြုမူပုံ၊ သူတစ်ပါးကို ဆက်ဆံပုံတို့က ကျွန်တော့်အဖို့ အမှန်ပင် လှုံ့ဆော်မှုတွန်းအား ဖြစ်ခဲ့သည်။ ခလိုက်ဒ်သည် ခရစ်တော်၏ မေတ္တာနှင့်နည်းလမ်းကို ထွန်းလင်းပြသသူဖြစ်သည်။

ခလိုက်ဒ်အကြောင်းကို တွေးရင်း သခင်ယေရှု၌ ရင့်ကျက်လျက် ယုံကြည်ခြင်းတိုးပွားခြင်းသည် မည်သို့ဖြစ်သည်ကို ကျွန်တော့်အား သတိရစေသည်။ ရှင်ပေတရုက သူ၏ဩဝါဒစာဒုတိယစောင်တွင် ကျွန်ုပ်တို့အတွက် ဝိညာဥ်ရေးရာရင့်ကျက်မှုပုံစံကို ရှင်းလင်းစွာဖော်ပြထားသည်။

၁ – ဝိညာဥ်ရေးရာရင့်ကျက်မှုသည် သခင်ယေရှု၌ အခြေခံသည်။ ရင့်ကျက်သောယုံကြည်ခြင်းရှိသူသည် ဘုရားရှင်ကို ချီးမြှောက်သောနည်းလမ်းဖြင့် အသက်ရှင်နိုင်ရန်အတွက် ကိုယ်တော်၏ “တန်ခိုးတော်”နှင့် “ကတိတော်”က မစကြောင်း (၂ ‌ပေ ၁:၃-၄) နားလည်သဘောပေါက်သည်။ ခရစ်တော်နှင့် နှိမ့်ချစွာလျှောက်လှမ်းရန်၊ သခင်ပြုပေးသည့် အမှုများအတွက် ကျေးဇူးသိခြင်းစိတ်များ ပြည့်လျှံရန် ဝိညာဥ်တော်သည် ကျွန်ုပ်တို့ကို ဆွဲခေါ်လျက်၊ သခင့်အတွက် ညအမှောင်၌ ကြယ်ကဲ့သို့ထွန်းလင်းနိုင်ရေး လိုအပ်သောအရာကို ပေးသနားသည် (ဖိ ၂:၁၅၊ ယော ၃:၆၊ ၂ ကော ၅:၂၁၊ ၁ ပေ ၁:၂၂-၂၃)။

၂ – ဝိညာဥ်ရေးရာရင့်ကျက်မှုသည် ကျွန်တော်တို့၏ အသက်ရှင်လျှောက်လှမ်းမှု၌ ပေါ်လွင်ထင်ရှားသည်။ ရှင်ယေရှုက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေသောအခါ ကျွန်ုပ်တို့၏ အသက်ရှင်လျှောက်လှမ်းမှု၊ ပြုမူလုပ်ကိုင်မှု၊ ဖြစ်တည်မှု အလုံးစုံ၌ ရင့်ကျက်မှုက သိသာ ပေါ်လွင်လာပါသည် (၂ ပေ ၁:၅)။ ၎င်းသည် ဘုရားရှင်နှင့် သူ၏နည်းလမ်းကို ယုံကြည်မှု တိုးလာခြင်း (:၅) သာမက ခရစ်တော်နှင့် သဏ္ဌာန်တူသည့် အရည်အချင်းများပိုင်ဆိုင်ခြင်း၊ စုံစမ်းခြင်းများကို ခံရပ်ခြင်း (:၆)၊ ဘုရားရှင်အား နာခံလျက်အသက်ရှင်ခြင်း၊ ဘုရားနှင့် တစ်ပါးသူတို့ကို ချစ်ခြင်း (:၇)၊ ယုံကြည်ခြင်းကို နှစ်လိုဖွယ်ကောင်းစွာ မျှဝေခြင်းတို့ကိုပါ ထင်ဟပ်ပြသည်။

ခလိုက်ဒ်၏အသက်တာက ကျွန်တော့်အပေါ် လွှမ်းမိုးသကဲ့သို့ ကျွန်ုပ်တို့၏ရှင်သန်သော ယုံကြည်ခြင်းက အခြားသူတို့ ရှင်ယေရှုအတွက် အလင်းလင်းနိုင်ရန် မစပေးနိုင်သည်။ ဝိညာဥ်ရေးရာ ရင့်ကျက်ကြီးထွားအောင် ဘုရားရှင်မစသောအခါ ကိုယ်တော်၏လမ်း သာ၍ထင်ရှား တောက်ပအောင် ကျွန်ုပ်တို့အလင်း လင်းပေးနိုင်ပါသည်။ ကျွန်ုပ်တို့၏စစ်မှန်သော ဓူဝံကြယ် ဖြစ်သောခရစ်တော်နှင့် ကျွန်ုပ်တို့ သာ၍ တူလာပါလိမ့်မည်။

Tom Felten ၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်