နိုဝင်ဘာလခေါင်းစဥ် | ဆုံးဖြတ်ချက်ချခြင်း
အနောက်အလယ်ပိုင်းဒေသရှိ တက္ကသိုလ်တစ်ခုသည် လူမှုမီဒီယာမှတစ်ဆင့် ကျွန်မခင်ပွန်းအား ဆက်သွယ်လာသဖြင့် သူသည် လျှောက်လွှာတင်ခဲ့သည်။ “ငါတို့မသွားရဘူးဆိုရင် ဘုရားသခင်က အခွင့်အရေးကို ပိတ်ပစ်လိမ့်မယ်” ဟု သူက ဆိုသဖြင့်၊ ကျွန်မက “အဲ့ဒါက အမြဲမမှန်ပါဘူး။ တစ်ခါတစ်လေမှာ ဆုံးဖြတ်ချက်ချတဲ့အခါ ပိုင်းခြားပြီး ဉာဏ်သုံးဖို့ ဘုရားအခွင့်ပေးပါတယ်”ဟု သူ့ကို ပြန်ပြောခဲ့သည်။
ထို့နောက် ကျွန်မတို့ မိမိဘာသာဆုတောင်းလျက် ဖြစ်နိုင်ခြေရှိသည့် အကျိုးအပြစ်များကို ဆွေးနွေးခဲ့ကြသည်။ တစ်လအတွင်းတွင် ထိုတက္ကသိုလ်သို့ ပြောင်းသွားဖြစ်ခဲ့သည်။ အိမ်ကို သတိရနေခဲ့ပြီး ထိုသို့ ပြောင်းရွှေ့ခြင်းသည် ကျွန်မအတွက် ယုတ္တိမရှိသော်လည်း၊ ထိုအချိန်အခိုက်အတန့်တွင် ဘုရားရှင် ရှိစေလိုသည့်နေရာ၌ ကျွန်မတို့ရှိနေခဲ့ကြောင်း နားလည်ခဲ့သည်။
မရှင်းလင်းသောအခြေအနေတွင် ဆုံးဖြတ်ချက်ချခဲ့ရသည့်အချိန်များ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းသည် ဘုရားအလိုရှိသည့်နေရာတွင် ကျွန်မတို့ရှိနေစေရေး ထိုသို့ဆုံးဖြတ်ရန် အမှန်လိုအပ်ခဲ့ကြောင်း သက်သေထူခဲ့သည်။ သို့ရာတွင် ဆုံးဖြတ်ချက်ချရသည့် ဖြစ်စဥ်တစ်လျှောက်တွင် ကျွန်မတို့ အမှတ်ယူချီးမွမ်းခံရစရာအကြောင်း မရှိပါ။
တမန်တော်ရှင်ယာကုပ်က ကျွန်မတို့၏ယုံကြည်ခြင်းကို စစ်ဆေးသည့် စုံစမ်းခြင်းများ ရင်ဆိုင်ရမည်ဟု ဆိုသည် (ယာ ၁:၂-၃)။ သူက ဘုရားရှင်ကို ချီးမြှောက်ပြီး သည်းခံခြင်းပါရမီတိုးစေသော (:၄) အချိန်အတန်ကြာ စစ်ဆေးအသုံးပြုခဲ့သည့် ဆုံးဖြတ်ချက်ချမှတ်သည့် ဖြစ်စဥ်ကို အစပျိုးပေးသည်။ “သင်တို့တွင် … ပညာကိုလိုလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို” တောင်းဆိုရန် (:၅)၊ ထိုသို့တောင်းရာတွင် “တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်။ တွေးတောခြင်းရှိသောသူ မည်သည်ကား လေခတ်၍ လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏” (:၆) ဟု ကျွန်ုပ်တို့၏ ဘုရားရှင်ကိုချဥ်းကပ်ပုံသည် အရေးပါကြောင်း ပြောသည်။ သံသယရှိနေလျှင် ဘုရားကို ယုံရမလား၊ မိမိအစွမ်းကို ယုံရမလား ဟူ၍ ကြား၌ ယိမ်းယိုင်နေမည်ဖြစ်ပြီး၊ ဘုရားရှင်၏ သစ္စာတည်ခြင်းနှင့် ကောင်းမြတ်ခြင်းကို သံသယဖြစ်လာသည်။
ဆုံးဖြတ်ချက်ချရာတွင် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဘုရားသခင်နှင့် အဆက်မပြတ် ချိတ်ဆက်ထားခြင်းက ပညာတိုးပွားပြီး ဝိညာဥ်ရေးရာရင့်ကျက်ခြင်းကို ဖြစ်စေသည့် ပထမခြေလှမ်းဖြစ်သည်။ ဝိညာဥ်တော် အားဖြည့်ပေးသည့် ခွန်အားနှင့်စိတ်ချမှုတို့ဖြင့် ဘုရားရှင်၏ဦးဆောင်မှုနောက်သို့ ကျွန်မတို့လိုက်လျှောက်သောအခါ ကိုယ်တော်၏ပြီးပြည့်စုံသည့် အကြံအစည်နှင့်အချိန်အတိုင်း၊ နှုတ်ကပတ်တော်နှင့်အညီ ဘုရားရှင် မစဖြည့်ဆည်းပေးလိမ့်မည်။
Xochitl Dixon ၊ နေ့စဉ်ခွန်အားစာရေးသူ