ဒီဇင်ဘာလခေါင်းစဥ် | လူတို့အပေါ် လွှမ်းမိုးသက်ရောက်နိုင်ခြင်း
စာရေးဆရာ James Baldwin (ဂျိမ်းစ်ဘိုဒွင်) က “ကလေးသူငယ်များသည် လူကြီးသူမတို့၏ စကားကို ဘယ်တော့မှ ကောင်းကောင်း နားမထောင်ကြသော်လည်း လူကြီးများ လုပ်သမျှ ကိုဖြင့် မပျက်မကွက် အတုယူ လိုက်လုပ်တတ်ကြသည်” ဟု ရေးသားခဲ့သည်။
ဤဆိုရိုးမှ အဓိကသတိပေးနေသည်မှာ ကလေးများသာမက လူသားများသည် ကျွန်ုပ်တို့ ပြောနေသည့်စကားများကို လျစ်လျူရှုရန် ရွေးချယ်နိုင်သော်လည်း၊ လက်တွေ့လုပ်ရပ်များဖြင့် ကျွန်ုပ်တို့ပြောသော “စကားများ”ကိုမူ လူအများစုက မငြင်းပယ်နိုင်ကြပါ။ ကျွန်ုပ်တို့၏ အပြုအမူသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ လူတို့အပေါ်လွှမ်းမိုးနိုင်ပါသည်။ ခရစ်တော်အကြောင်းကျွန်ုပ်တို့ပြောသည့်အရာနှင့် ကျွန်ုပ်တို့၏ အပြုအမူလုပ်ရပ်တို့ မကိုက်ညီပါက ကျွန်ုပ်တို့ပြောသမျှကို လူတို့မကြားလိုဘဲ၊ သူတို့ နားပိတ်ထားစေသောအကြောင်းရင်း ဖြစ်သွားနိုင်ပါသည်။ ထိုနည်းအတိုင်းပင် ခရစ်တော်၏မေတ္တာကို ဖော်ပြသည့် လုပ်ရပ်အပြုအမူသည် တစ်စုံတစ်ယောက် အပေါ် ကောင်းကျိုးအလို့ငှာ လွှမ်းမိုးသက်ရောက်နိုင်ပါသည်။
သမ္မာကျမ်းစာ၌ စကားလုံးများထက် မိမိ၏အပြုအမူအားဖြင့် အခြားသူတို့အပေါ်လွှမ်းမိုးသူတို့၏စံနမူနာများနှင့် ပြည့်နှက်နေသည်။ လုဒိသည် ဗတ္တိဇံ(နှစ်ခြင်း)ခံပြီးသည် နောက် သူ၏အိမ်သူအိမ်သားများ ဗတ္တိဇံကို ခံယူကြသည် (တ ၁၆:၁၄-၁၅)။ ထို တမန်တော်ဝတ္ထု အခန်းကြီးမှာပင် ထောင်မှူး၏အဖြစ်အပျက်ကို ကြည့်ပါ။ ပေါလုနှင့်သိလတို့၏ စကားနှင့် အပြုအမူကို မြင်ပြီးသည်နောက် သူသည် ယုံကြည်သူတစ်ဦးဖြစ်လာသည်။ မြေကြီးလှုပ်၍ ထောင်တံခါးများ ပွင့်သွားသောအခါ သူတို့ထွက်မပြေးခဲ့ပါ(:၂၆)။
တိမောသေဩဝါဒစာဒုတိယစောင် ၁:၅ ၌ တိမောသေအား ရှင်ပေါလုပြောကြားသည့်စကားကို ကျွန်ုပ် သဘောကျသည်။ တိမောသေကို ပျိုးထောင်သွန်သင်ခဲ့သည့် သူ့မိခင် ဥနိတ်နှင့် သူ့အဘွား လောဣတို့၏ ယုံကြည်ခြင်းကို ရှင်ပေါလုအသိအမှတ် ပြုခဲ့သည်။ မိခင်နှင်အဘွားတို့၏ယုံကြည်ခြင်းကို အရေးမကြီးသော နိစ္စဓူဝလုပ်ငန်းဆောင်တာ များနှင့် အထူးအစီအစဥ်ရှိသည့် အချိန်များတွင်ပါ သူ့ဘဝတစ်လျှောက်လုံး တိမောသေ မြင်တွေ့ခဲ့ရသည်။ သူတို့၏ယုံကြည်ခြင်းက တိမောသေအား မလွဲမသွေ လွှမ်းမိုးခဲ့ပါသည်။
ဘုရားသခင်အတွက်၊ မိမိအတွက်နှင့် ကျွန်ုပ်တို့ကို စောင့်ကြည့်နေသူတို့အတွက် ကျွန်ုပ်တို့ မည်သို့အသက်ရှင်သည်က အရေးကြီးပါသည်။ အမြဲလိုလိုပင် ကျွန်ုပ်တို့ပြောဆို သည့်အရာကို လူတို့ကောင်းကောင်း မလိုက်နာနိုင်ပါ။ သို့သော် ကျွန်ုပ်တို့လုပ်ဆောင်ပြုမူသည့် အရာများကို အမှန်အတုယူကြပါသည်။
Katara Patton ၊ နေ့စဉ်ခွန်အားစာရေးသူ