ဇန်နဝါရီလခေါင်းစဥ် | သခင်ယေရှု၏ လူပုဂ္ဂိုလ်ဖြစ်ခြင်းနှင့် ပြုတော်မူသောအမှု
“ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” (ယော ၁၄:၆) ဟူသည့် သခင်ယေရှု၏ ကြွေးကြော်ချက်နှင့်စပ်လျဥ်း၍ ကျွန်ုပ်တို့ မည်သို့ သုံးသပ်ရမည်နည်း။ သခင်ယေရှုက “ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏”ဟု မိန့်တော်မူသည် (မ ၁၂:၃၀)။ တစ်နည်းဆိုရသော် နှစ်ဘက်ကြားနေရန် မဖြစ်နိုင်ပါ။ Sheldon Vanauken (ရှဲလ်ဒွန် ဗန်နောကန်)သည် ခရစ်ယာန် တရားတော်နှင့်ပတ်သက်၍ Oxford (အော့စ်ဖို့ဒ်)မှ ပါမောက္ခဆရာကြီး C. S. Lewis (စီအက်စ်လူးဝစ်)နှင့် နှစ်ရှည်လများ စာပေးစာယူ မေးမြန်းလေ့လာခဲ့ပြီးနောက်တွင် ဤရိုးစင်းသော အချက်လေးကို သူထိပ်တိုက်တွေ့ခဲ့ရသည်။
‘A Severe Mercy’ (ပြင်းထန်သောကရုဏာ) စာအုပ်တွင် ဗန်နောကန်က “နောက်ပြန်ဆုတ်လို့ မရတော့ပါ” ဟူသည့် ကြက်သီးထဖွယ် သဘောပေါက်မှုကို ကြုံခဲ့ကြောင်း ဤသို့ ရေးသားခဲ့သည်။
“ခရစ်ယာန်တရားတော်ဆိုတာကို နတ်သမီးပုံပြင်လို့ပဲ ကျွန်တော်သဘောထားခဲ့တယ်။ ပြီးတော့ သခင်ယေရှုကို တစ်ခါမှ မတွေ့ဆုံဘူးခဲ့လို့ သူ့ကို လက်မခံခဲ့သလို ငြင်းလည်း မငြင်းပယ်ခဲ့ပါဘူး။ ခုတော့ သူ့ကို ကြုံတွေ့ခဲ့ပြီ။ မေရှိယကို လက်ခံမလား လက်မခံဘူးလား ဆိုတဲ့ မေးခွန်း မဟုတ်တော့ဘဲ၊ သခင်ယေရှုကို လက်ခံမှာလား ဒါမှမဟုတ် ငြင်းပယ်မှာလား ဆိုတဲ့မေးခွန်းကသာ အဓိကဖြစ်နေတယ်။ ကျွန်ုပ်၏ဘုရား၊ ကျွန်ုပ်အနောက်ဘက်မှာ အံ့ဩစရာ ကွာဟမှုလည်း ရှိတယ်။ လက်ခံဖို့အတွက် အဲဒီကွာဟမှုကို ခုန်ကျော်လွှားလိုက်ခြင်းက ကြောက်စရာအလောင်းအစားတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ငြင်းပယ်ဖို့ရွေးချယ် ရင်ကော ဘယ်လိုဖြစ်မလဲ။ … တကယ်လို့ ကျွန်တော်က ငြင်းပယ်ခဲ့ပြီး “အဲဒီ ကျွန်ုပ် ဘုရားဆိုတဲ့အရာက မှန်နေတယ်ဆိုရင် ငါကတော့ ငါ့ဘုရားကို ငြင်းပယ် မိခဲ့ပြီ” ဆိုတဲ့ ဆိုးဝါးတဲ့အတွေးစရဲ့ခြောက်လှန့်မှုကို မလွဲမသွေ ရင်ဆိုင်ရမှာပဲ။
ဗန်နောကန်သည် သူလုပ်နိုင်သည့်အရာ တစ်ခုတည်းသာရှိကြောင်း ဆုံးဖြတ်ကာ “ကျွန်ုပ်၏ အရှင်သခင်နှင့်ဘုရားသခင် ဖြစ်တော်မူသော ခရစ်တော်၌ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဥ်တော်ကို ယုံကြည်ရန်” သူရွေးချယ်ခဲ့သည်။ “ခရစ်ယာန်တရားတော်သည် ဘဝအသက်တာကို ဗလာနတ္တိဖြစ်စေခြင်းထက် ပြည့်ဝစုံလင်စေသည်၊ အဓိပ္ပာယ်မဲ့ဖြစ်စေခြင်းထက် အဓိပ္ပာယ်နှင့် ပြည့်စုံစေသည်။”
သခင်ယေရှုက သူသည် လူ့ဇာတိခံယူသော ဘုရားသခင်၊ လောက၏ကယ်တင်ရှင်၊ ယခုနှင့် ထာဝရကာလ အတွက် အသက်၏အရင်းအမြစ် ဖြစ်ကြောင်း သူ၏ကြွေးကြော်ချက်နှင့် ကျွန်ုပ်တို့ကို စိန်ခေါ်နေပါသည်။ သခင့်အား သင်မည်သို့ တုံ့ပြန်မည်နည်း။
Jack Kuhatschek ၊ ရေးသားသည့် ‘I am the Way: The Amazing Claims of Jesus ’ မှ ကောက်နှုတ်ဖော်ပြထားပါသည်။