ဖေဖော်ဝါရီလခေါင်းစဥ် | ခရစ်တော်၏သဘောလက္ခဏာတော်
ရီဘန့်စ် (Rebanks)မိသားစုသည် အင်္ဂလန်နိုင်ငံမြောက်ပိုင်းဒေသတွင် မျိုးရိုးစဥ်ဆက်လိုက်၍ သိုးများကို မွေးမြူခဲ့သည်။ ဂျိမ်းစ်ရီဘန့်စ် (James Rebanks)၏ The Shepherd’s Life စာအုပ်တွင် ကျူပင်၊ ဆူးခြုံပင်များနှင့်ပြည့်နှက်သည့်မြေကို သူတို့မိသားစု ခုတ်ထွင်ရှင်းလင်းကာ စားကျက်မြေဖော်ခဲ့ရပုံကို ပြန်ပြောင်းပြောပြသည်။ ထိုအလုပ်ကို သန်မာသောသိုးထိန်းများသာ လုပ်ကိုင်နိုင်သည်။ ရီဘန့်စ်မိသားစုသည် ရှည်ကြာသည့် ဆောင်းရာသီတစ်လျှောက် ရေခဲနှင့် အအေးဒဏ်၏ခြိမ်းခြောက်မှု၊ စားကျက်ရှားပါးမှုများမှ ၎င်းတို့၏ဟာ့ဒ်ဝေ့ခ်သိုးများ ရှင်သန်နေနိုင်အောင် ပင်ပန်းစွာကြိုးစားလုပ်ဆောင်ခဲ့ရသည်။ တစ်နှစ်ပတ်လုံးတွင် သိုးများကို ရောဂါပိုးမွှား များနှင့် သားရဲများ၏ အန္တရာယ်မှ ကာကွယ်နိုင်အောင် ရုန်းကန်လုပ်ဆောင်ခဲ့ရသည်။ မဆုတ်မနစ်သောဇွဲ၊ နူးညံ့သောမေတ္တာ၊ ပင်ပန်းဆင်းရဲစွာ ကြံ့ကြံ့ခံလျက် သိုးများကို စောင့်ရှောက်ထိန်းကျောင်းခဲ့ရသည်။ ရီဘန့်စ်မိသားစုသည် သိုးထိန်းအများစုနည်းတူ သိုးများအတွက် အရာရာကို ပေးဆပ်လျက်၊ အလျော့မပေး၊ ဇွဲနပဲကြီးစွာဖြင့် စေတနာစိတ်ဖြင့် သိုးများကိုဂရုပြုစောင့်ရှောက်သည်။
ဂျိမ်းစ်ရီဘန့်စ် ရေးသားသည့်အကြောင်းအရာက သိုးကျောင်းခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မြင်ယောင်သည့် ကျေးလက်သဘာဝ သာယာကြည်နူးဖွယ် အတွေးများကို ဖြိုချပစ်ပါသည်။ သိုးထိန်းများသည် စိမ်းလန်းသောရေမြေတွင် ချစ်စဖွယ်သိုးလေးများနှင့် ပျော်ရွှင်မြူးတူးစွာ အချိန်ကို မကုန်စေပါ။ သူတို့သည် အန္တရာယ်ကမ်းပါး၌ ရပ်နေရသည်။ ဆာလံ ၂၃ ကို ဆင်ခြင်ကြည့်ပါ။ ကျော်ကြားလှသည့် ဆုတောင်းချက်နှင့် ၎င်းကပေးလာသည့် နှစ်သိမ့်သက်သာရာများက သိုးထိန်းကြီးသည် ကျွန်ုပ်တို့ကို စောင့်ကြည့်နေကြောင်း အခြေခံအမှန်တရားကို တင်ဆက်ဖော်ကျူးသည်။
“ထာဝရဘုရားသည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ”(၂၃:၁)ဟု
ဆာလံဆရာက ဆိုပါသည်။ ဤအပိုဒ်က ကျန်အပိုဒ်များနှင့် ကျွန်ုပ်တို့၏ဘဝတစ်သက်တာလုံး အတွက် အခြေခံအုပ်မြစ်ကို ချပေးသည်။ ဤစာသားများက ကျွန်ုပ်တို့အများစု ရင်ဆိုင်ရသည့် မနှစ်မြို့ဖွယ် အမှန်ဖြစ်ရပ်များကို လျစ်လျူမရှုဘဲ၊ နှစ်သိမ့်သက်သာမှုကို ပေးသည့် ဤစကား များက ကျွန်ုပ်တို့၌ ကောင်းသောသိုးထိန်းကြီး ရှိနေခြင်းကြောင့် မိမိလိုသမျှအရာအားလုံးကို ကျွန်ုပ်တို့ ပိုင်ဆိုင်ထားကြောင်း” လေးနက်ခိုင်မာသော ထူးခြားချက်ကို ကြေညာပေးသည်။ ကျွန်ုပ်တို့၏သိုးထိန်းကြီးသည် ကျွန်ုပ်တို့ကို စိမ်းလန်းသောကျက်စားရာအရပ်၊ သာယာငြိမ်သက် လျက် အနာကို ကုစားပေးသောရေ စီးရာအရပ်သို့ လမ်းပြပို့ဆောင်သည်။ ပင်ပန်းနွမ်းလျသော၊ ဝမ်းနည်းသော၊ သောကရောက်နေသောစိတ်ဝိညာဥ်ကို ကိုယ်တော်လမ်းဆန်းစေပါသည်။
သို့ငြားလည်း ဆာလံဆရာပြောသကဲ့သို့ “သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့”(:၄) လျှောက်သွားရမည်ဟူသည့်အချက်က မှန်ကန်ဆဲဖြစ်သည်။ ဤသို့ဖြစ်သည့်တိုင် ကြောက်ရွံ့စိတ်ကို ကျွန်ုပ်တို့ငြင်းပယ်သည်။ အဘယ့်ကြောင့်ဆိုသော် အရာရာကို ကျွန်ုပ်တို့ထိန်းချုပ်နိုင်ခြင်းကြောင့်မဟုတ်ဘဲ၊ စိုးကြောက်စရာများကို လောင်ကျွမ်းပစ်သည့် သိုးထိန်းကြီး၏ယုံကြည်အားကိုးနိုင်မှု၊ သစ္စာတည်သော သူ၏မျက်မှောက်တော်ကြောင့်ဖြစ်သည်။ ဆာလံဆရာက “ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူ၏”(:၄)ဟု ဆိုပေသည်။
ကျွန်ုပ်တို့၌ ကြင်နာတတ်ပြီး အစွမ်းတန်ခိုးနှင့်ပြည့်စုံသည့်သိုးထိန်းကြီးရှိတော်မူခြင်းကြောင့် ကြောက်စရာအကြောင်းမရှိပါ။ ‘လှံတံတော်နှင့်တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏”(:၄)။ လမ်းလွှဲလျက် ကျောက်တောင်စွန်း၌ ပိတ်မိနေသည့်သိုးကို ချိတ်ကာ ဆွဲထုတ်ပေးမည့် အဖျားကောက်တောင်ဝေးနှင့် သားရဲများကို ခြောက်လှန့်မောင်းနှင်သည့် တင်းပုတ်တို့က သိုးထိန်းကြီးသည် ကြင်နာသည့်တစ်ချိန်တည်းတွင် အရှိန်အဝါရှိကြောင်းကို ပြနေသည်။
ထို့ပြင် ကျွန်ုပ်တို့၏သိုးထိန်းကြီးသည် ဒုက္ခပြဿနာများအလယ်တွင် ကျွန်ုပ်တို့အတွက် စားပွဲကို ပြင်ဆင်ပေးသေးသည်။ ကျွန်ုပ်တို့လိုအပ်သည်ထက် ပိုမို၍ ကြွယ်ဝပြည့်စုံစွာ ပေးသနားမူသည်(:၅)။ သိုးထိန်းကြီးက ကျွန်ုပ်တို့၏ဘဝဖူလုံကောင်းစားရေးအတွက် ကြည့်ရှုစောင်မပေးပြီး၊ မဆုတ်မနစ်သော ဂရုပြုမှုဖြင့် ကျွန်ုပ်တို့နောက်လိုက်နေကာ မကောင်းသောအမှုအရာများကို ဆီးတားကွယ်ကာပေးသည်။
ကနဦးယုံကြည်သူတို့သည် ဆာလံ ၂၃ ကို စစ်မှန်သောသိုးထိန်းကြီးယေရှုအား ပြညွှန်သည့် ကျမ်းအဖြစ် သိနားလည်ကြသည်။ ဤအဆက်အစပ်ကို နားလည်ရန် သခင်ယေရှုက “ငါသည် ကောင်းသောသိုးထိန်းဖြစ်၏” ဟုမိန့်တော်မူလျက် (ယော ၁၀:၁၁) သူကိုယ်တိုင်ပင် ဆက်စပ်ပေးခဲ့သည်။ ဆာလံ ၂၃ မှ သိုးထိန်း၏ဖြစ်တည်မှုမှန်သမျှသည် ယခုကျွန်ုပ်တို့အတွက် သခင်ယေရှု၏ဖြစ်တည်မှုပင်ဖြစ်သည်။ ရှင်ယေရှုသည် ကျွန်ုပ်တို့၏သိုးထိန်းကောင်းဖြစ်သော ကြောင့် ကျွန်ုပ်တို့ ဆင်းရဲမခံရ။ လိုအပ်သမျှကို ရပြီ ဖြစ်သည်။ ကျွန်ုပ်တို့အား ငြိမ်ဝပ်ချမ်းသာကို ပေးသည်။ ကြေကွဲနှလုံးသားများကို ပြန်လည်တည်ဆောက်ပေးသည်။ သေမင်းအရိပ်လွှမ်းသောချိုင့်၌ (သွယ်ဝိုက်၍ မဟုတ်ဘဲ အတူဖြတ်ကျော်လျက်) ပို့ဆောင်သည်။ ကျွန်ုပ်တို့ လမ်းလွဲ သွားချိန်တွင် သခင်က နူးညံ့ကြင်နာသိမ်မွေ့စွာ ဆက်ဆံသည်။ ရန်သူက ချောင်းမြောင်းလျက်၊ အစွယ်များဖြဲပြချိန်တွင် သိုးထိန်းကြီးက တန်ခိုးနှင့် အဆက်မပြတ် မစကွယ်ကာပေးသည်။
ဆာလံကျမ်းမှ သိုးထိန်းကြီးက မည်သည်နှင့်တူသည်ကို ရှာဖွေသိရှိခြင်းဖြင့် သခင်ယေရှုသည် မည်သူနှင့်တူသည်ကို ကျွန်ုပ်တို့သိနိုင်ပါသည်။ သခင်ယေရှုသည် သစ္စာတည် ပြီး ကျွန်ုပ်တို့ကို ဘယ်သောအခါမျှ မစွန့်ပစ်ပါ။ ကျွန်ုပ်တို့အား စေတနာစိတ်နှင့် ကြည့်ရှုပြုစုလျက် ကျွန်ုပ်တို့၏လိုအပ်မှုကို ဖြည့်ဆည်းပေးသည်။ သခင်သည် ပညာတော်နှင့်ပြည့်စုံလျက် ကျွန်ုပ်တို့အမှန်တကယ်လိုအပ်သောအရာကို သိသည်။ သူသည် နူးညံ့ကြင်နာသူဖြစ်ပြီး တုန်လှုပ်နေသော စိတ်နှလုံးကို ဂရုပြုစောင်မသည်။ တန်ခိုးနှင့် ပြည့်စုံလျက် ကျွန်ုပ်တို့ကို ခြိမ်းခြောက်လာသည့် ရန်မှန်သမျှ (ကျွန်ုပ်တို့အတွင်းမှ မိမိ၏ပျက်စီးရာပျက်စီးကြောင်းကို ခြိမ်းခြောက်သည့်အရာများ)မှလည်း ကွယ်ကာပေးသည်။ သူသည် ကျွန်ုပ်တို့၏နောက်ဆုံးထွက်သက်ထိ ချစ်ခြင်းဖြင့် မဆုတ်မနစ်လိုက်နေသူ ဖြစ်သည်။
ယခုခေတ် အစ္စရေးပြည်တွင် သိုးထိန်းများသည် မကြာခဏ သိုးများအနီးတွင် အိပ်ပြီး တစ်ညလုံး သိုးများကို စောင့်ကြပ်သည်။ သားရဲများကို ခြောက်လှန့်ရန် တောင်ဝေးကို ကိုင်ဆောင်ဆဲ ဖြစ်သည်။ သိုးထိန်းများ၌ တစ်မူထူးခြားသည့် ခေါ်သံရှိပြီး ၎င်းသည် သူတို့အနီးအပါး၌ ရှိနေကြောင်း သိုးများကို သိစေသည့် အကျွမ်းတဝင်ရှိသည့် အချက်ပြဖြစ်သည်။ တစ်ကြိမ်တွင် အစ္စရေးပြည်၌ သိုးထိန်းများကို ကျွန်တော်စောင့်ကြည့်ခဲ့ပြီး ၎င်းတို့၏ကျွမ်းကျင်မှု၊ ဖျတ်လတ် မှု၊ သိုးများနှင့် တောတောင်အနေအထားကို သိကျွမ်းမှုများက ကျွန်တော့်ကို အံ့ဩမှုနှင့် ခွန်အားဖြစ်စေသည်။ ၎င်းတို့သည် သိုးစုအပေါ် ကြင်နာမှု ရှိပြီး၊ အန္တရာယ်ကို မြင်မြင်ချင်း ချက်ချင်းလှုပ်ရှားရန် အသင့်ရှိနေသည်။သိုးများနည်းတူ ကျွန်ုပ်တို့လည်း သိုးထိန်းကြီး၏စောင်မဂရုပြုမှုအောက်တွင် ငြိမ်ဝပ်ချမ်းသာစွာ ရှိနေ၏။
Winn Collier ၊ နေ့စဉ်ခွန်အားစာရေးသူ