မတ်လခေါင်းစဥ် | သမ္မာကျမ်းစာလေ့လာခြင်း

သမ္မာကျမ်းစာလေ့လာခြင်း နည်းလမ်းကောင်းတစ်ခုမှာ ခြုံငုံဆင်ခြင်လေ့လာသောနည်းဖြစ်သည်။ ဤနည်းလမ်းသည် သေချာစွာ စူးစမ်းလေ့လာခြင်း၊ အဓိပ္ပာယ်ကောက်ယူခြင်း၊ လက်တွေ့အသုံးချကျင့်သုံးခြင်း စသည့်အစီအစဥ်အတိုင်း လေ့လာရန် ဖြစ်သည်။

အဆင့် (၁) – သေချာစွာ စူးစမ်းလေ့လာခြင်း ။ ။ ကျမ်းပိုဒ်၏အရှေ့အနောက်ပတ်လည် အဆက်အစပ်များက မည်သည့်အကြောင်းအရာကို ပြောနေသနည်း။ အဓိကအကြောင်းအရာနှင့်ပတ်သက်သည့် အချက်အလက်များကို တတ်နိုင်သရွေ့စုစည်းပါ။ မည်သည့်အချက်ကိုမျှ မလွတ်သွားစေပါနှင့်။ မည်သူ/ မည်သည့်အရာ/ မည်သည့်အချိန်/ မည်သည့်နေရာ/မည်သို့ဖြစ်သည် စသည့် မေးခွန်းများမေးပါ။ ထို့ကြောင့်/ ထို့နောက်/ နှင့်/ လည်းပဲ/ သို့သော်/ သို့ရာတွင်/ ထိုသို့ဖြစ်လင့်ကစား စသည့် အဓိကအချက်ကို ပြညွှန်နေသည့် မည်သည့် စကားလုံးများ ရှိသနည်း။ အဓိကဆိုလိုရင်းကို ညွှန်ပြနေသည့် မည်သည့်စကားလုံးများက ထပ်တလဲလဲ ပါရှိနေသနည်း။ ကျမ်းရေးသူက မည်သည့် အခြေခံသဘောတရား၊ အဆို၊ သရုပ်ပြရှင်းလင်းမှုများကို အသုံးပြုသနည်း။

အဆင့် (၂) – အဓိပ္ပာယ်ကောက်ယူခြင်း ။ ။ ကျမ်းပိုဒ်စာသား၏အဓိပ္ပာယ်မှာ အဘယ်နည်း။ လက်ရှိကျမ်းပိုဒ်၏ရှေ့ပိုင်း၌ ဖော်ပြသည့်အကြောင်းအရာ/စကားလုံး၊ နောက်မှ လိုက်ပါလာသည့် အကြောင်းအရာ/စကားလုံးများ၏ဆက်စပ်မှုအရ ကျမ်းရေးသူက မည်သည့်အဓိပ္ပာယ်ကို ဆိုလိုသနည်း။ ၎င်း၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ ကျမ်းပိုဒ် ပါအကြောင်းအရာကို သေချာစွာ စူးစမ်းလေ့လာပါ။ ကျမ်းရေးသူ၏အသုံးအနှုန်းပေါ်မူတည်၍ စကားလုံးတစ်လုံး၏အဓိပ္ပာယ်ကို ကောင်းစွာနားလည်နိုင်သည်။ ဤသို့အားဖြင့် ယခုတွင် နှုတ်ကပတ်တော်သည် ကျမ်းရေးသူ၏နှလုံးသားရည်ရွယ်ချက်နှင့် လှုပ်ရှား သက်ဝင်လာပြီဖြစ်သည်။

အဆင့် (၃) – လက်တွေ့အသုံးချကျင့်သုံးခြင်း ။ ။ ဤကျမ်းပိုဒ်သည် မိမိ၏အသက်တာအတွက် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ကျမ်းချက်တစ်ချက်ကို ၎င်းအား ရေးသားသည့် ခေတ်အချိန်နှင့် ရေးသားသည့်နေရာ ရှုထောင့်မှကြည့်ပြီး ၎င်း၏အဓိပ္ပာယ်ကိုရှာဖွေတွေ့ရှိပြီးနောက်မှသာ “ဤကျမ်းချက်သည့် ကျွန်ုပ်အတွက် မည်သည့် အဓိပ္ပာယ်ရှိ သနည်း”ဟု လေ့လာသူ မေးသင့်သည်။ ဓလေ့ထုံးစံ ယဥ်ကျေးမှုဆိုင်ရာအချက်အလက်များနှင့် မပြောင်းလဲသော သဘောတရားနိယာမများကို ပိုင်းခြားရှုမြင်ပါ။ အဓိကအချက်ကို အာရုံစိုက်ပါ။ မိမိစိတ်နှလုံး၌ မည်သည့် အဓိကပြဿနာများ ရှိနေသနည်း။ ဤပြဿနာက ကျွန်ုပ်နှင့် ဘုရားသခင်၏ဆက်ဆံရေးနှင့် စပ်လျဥ်း၍ ဘာပြောနေသနည်း။ ဤမေးခွန်းကို ဖြေဆိုသောအခါ တစ်မူထူးပြီး တိုး၍သိကျွမ်း နားလည်အောင် သမ္မာကျမ်းမှ ဖွင့်ပြလိမ့်မည်။

၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်