မေလခေါင်းစဥ် | ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်ခြင်း

ရာစုနှစ်များတစ်လျှောက်တွင် ခရစ်တော်အားဖြင့် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်ခြင်းကို ယုံကြည်သူတို့ ပျော်မွေ့ခံစားရသည့် နက်နဲသောအမှုအား အံ့ဩမှုနှင့် လူတို့ နားမလည်နိုင်ဖြစ်ရသည်။ ဥပမာအားဖြင့် ကလဲ‌ဗိုဒေသမှ (၁၂) ရာစု ပြင်သစ် ဘုန်းတော်ကြီး ဘားနတ် (Bernard of Clairvaux) သည် ဘဝ၏ သာမန်အမှုအရာလေးအားဖြင့် ဤအံ့ဩဖွယ် သမ္မာတရားကို ရှင်းပြခဲ့သည်။ ဝိုင်တစ်ခွက်ထဲသို့ ရေတစ်စက်ကျသွား ပြီး ဝိုင်၏ အရသာနှင့် အရောင်ထဲသို့ ပျော်ဝင်ရောစပ်သွားခြင်း၊ အလင်းတန်းတစ်ခုက လေထုကို ထွန်းလင်းပြောင်းလဲသွားစေခြင်း စသည်တို့ကို သူ သတိပြုမှတ်သားမိသည်။

သူ့နောက်တော်သို့ လိုက်လျှောက်သူများ၏ အတွင်း၌ သူကိန်းဝပ်ရှိနေမည်ဟု သခင်ယေရှုကတိပြုခဲ့သည်။ အတူတကွညစာ စားသုံးပြီးနောက် သူ၏မိတ်ဆွေများနှင့် နောက်ဆုံးအကြိမ် ကြာမြင့်စွာ စကားပြောဆိုခဲ့စဥ် အတောအတွင်း သူတို့ကို မိဘမဲ့ဖြစ်စေခြင်းငှာ မစွန့်၊ သူတို့ထံ ပြန်လာမည်ဟု စိတ်ချရန် သခင်ယေရှုအားပေးခဲ့သည်(ယော ၁၄:၁၈)။ သခင်အသက်ရှင်သောကြောင့် သူတို့လည်း အသက်ရှင်ကြမည်။ “ငါသည် ခမည်းတော်၌ရှိသည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ရှိသည်ကိုလည်းကောင်း၊ ငါသည် သင်တို့၌ ရှိသည်ကို လည်းကောင်း ထိုနေ့၌ သင်တို့သည် သိရ ကြလိမ့်မည်”(:၂၀)။ သခင်ယေရှုနှင့် ဝိညာဥ်တော်သည် ဘုရားသခင်၌ တည်ရှိသကဲ့သို့၊ ကျွန်ုပ်တို့သည် သခင်၌တည်ရှိနေပြီး၊ သခင်သည် ကျွန်ုပ်တို့၌ တည်နေတော်မူသည်။

သခင်ယေရှု ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်း၌ ကိန်းဝပ်ခြင်းဖြင့် မသေချာမရေရာမှုများ ကြုံတွေ့ရချိန်တွင် နှစ်သိမ့်သက်သာရာကို ရှာတွေ့ပြီ။

သာမန်အရာလေးများအားဖြင့် ရှင်းလင်းဖော်ပြမှုကို ကျွန်ုပ်တို့ လိုအပ်ခြင်းက မဆန်းပေ။ ဘုရားသခင်သည် ခရစ်တော်နှင့် ဝိညာဥ်တော်အားဖြင့် ကျွန်ုပ်တို့အတွင်း၌ ကိန်းဝပ်တော်မူခြင်းကို စဥ်းစားရသည်မှာ နားလည်ရခက်လှသည်။ နေ့စဥ်အသက်တာ၌ ၎င်းသည် ကျွန်ုပ်တို့အတွက် မည်သည့် အဓိပ္ပာယ်ကို ဆိုလိုသနည်း။ အရာခပ်သိမ်းအတွက် အကြုံးဝင်ပါသည်။ သခင်ယေရှု ကျွန်ုပ်တို့၏စိတ်နှလုံးအတွင်း၌ ကိန်းဝပ်ခြင်းဖြင့် မသေချာမရေရာမှုများ ကြုံတွေ့ရချိန်တွင် နှစ်သိမ့်သက်သာရာကို ရှာတွေ့ပြီး၊ သောကပူပန်ရချိန်တွင် ငြိမ်သက်ခြင်းကို ရရှိစေသည်။ တစ်စုံတစ်ယောက်က ကျွန်ုပ်တို့ကို စော်ကားအရှက်ခွဲလာပါက အလွန်အကျွံ မတုံ့ပြန်မိအောင် မိမိကိုယ်ကို ထိန်းချုပ်ဆီးတားနိုင်သည်။ ဖိနှိပ်ခံရသူတို့အတွက် ကျွန်ုပ်တို့အသံချီလျက် မတရားမှုကို ဆန့်ကျင်ပြောဆိုနိုင်သည်။

ဝိညာဥ်ရေးရာအရ ခရစ်တော်သည် ကျွန်ုပ်တို့အထဲ၌ ကိန်းဝပ်တော်မူသည်။ ယနေ့တွင် ထိုသမ္မာတရားကို ဆင်ခြင်လျက် အတွင်းမှနေ၍ သင့်ကို ပြောင်းလဲပေးနေခြင်းကို မြင်စေရန် ဖွင့်ပြပါမည့်အကြောင်း ကိုယ်တော်အား တောင်းလျှောက်ပါလေ။

Amy Boucher Pye၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်