ဇူလိုင်လခေါင်းစဥ် | ဆုတောင်းခြင်း

ဆုတောင်းခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။ ဘုရားရှင်သည် ‘ငါဖြစ်သည်အတိုင်း ငါဖြစ်’သည့် သူ၏ဖြစ်တည်မှု၊ သူ့မေတ္တာကို ပြသနိုင်မည့်သူ အဖြစ် ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့ခြင်း၊ လက်ဝါးကပ်တိုင်ပေါ်၌ အသေခံပေးခဲ့ခြင်း၊ ကျွန်ုပ်တို့အား ပြည့်ဝစုံလင်သူများ ဖြစ်စေရေး ဘုရားရှင်အလေးအနက် တိကျစွာ ရည်ရွယ်ထားခြင်း စသည်တို့ကြောင့် ကျွန်ုပ်တို့၏ဆုတောင်းခြင်း၌ ဘုရားသခင်အား ကြည်ညိုခြင်း၊ ချစ်မြတ်နိုးခြင်းများနှင့် ပြည့်ဝနေသင့်သည်။ ‘ထိုက်တန်ခြင်း’(worth-ship)ဟူသည့် သွယ်ဝှိုက်ညွှန်းဆိုသည့် စကားအတိုင်း ဝတ်ပြုကိုးကွယ်ချိန်၌ မိမိတန်ဖိုးအထားဆုံးအရာကို ကျွန်ုပ်တို့ကြွေးကြော်ကြသည်။ ၎င်းသည် ဘုရားသခင်ကို ချစ်ရန် ကမ္ဘာပေါ်ရှိ အကောင်းဆုံးနည်းပင် ဖြစ်သည်။

ဆုတောင်းခြင်းသည် ဘုရားရှင်အပေါ် ကျွန်ုပ်တို့ အမှီပြုကိုးစားကြောင်း အကောင်းဆုံး ဖော်ပြချက်ဖြစ်သည်။ မိမိဖြစ်ချင်လိုချင်သည့် အရာကို တောင်းလျှောက်ခြင်းဖြစ်သည်။ အခက်ခဲဆုံးသောအရာပင်ဖြစ်ဖြစ် မည်သည့် အရာအတွက်မဆို ကျွန်ုပ်တို့ ဆု‌တောင်းနိုင် သည်။ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့် တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့”(ဖိ ၄:၆)။ ကျွန်ုပ်တို့၏စိတ်ကို လွှမ်းမိုးနိုင်သည့်အထိ ကြီးမားသော မည်သည့်ကိစ္စမဆိုသည် ဆုတောင်းသင့်သော အမှုကြီးဖြစ်သည်။

သို့သော် ဆုတောင်းခြင်း၏သဘာဝကိုက ‘တောင်းပန်တောင်းလျှောက်ခြ‌င်း’ ဖြစ်သည်။ နားပူနားဆာ အတင်းအကြပ်တောင်းခြင်း၊ ပွတ်လောညံအောင် တောင်းဆိုခြင်း မဟုတ်ပါ။ ဘုရားရှင်ကို အတင်းအကြပ်တောင်းဆိုခြင်း၊ သူနှင့် အပေးအယူလုပ်ခြင်းတို့ကို လုပ်၍ မရပါ။ မိတ်ဆွေအချင်းချင်း ထိုသို့မပြုပါ။ မိတ်ဆွေက တောင်းဆိုပြီး စောင့်ဆိုင်းနေသည်။ ကျွန်ုပ်တို့တောင်းသည့်အရာကို ဘုရားရှင်ပေးသည့်အချိန်ထိ (သို့) အခြားအဖြေတစ်ခုခု ပေးသည့်အချိန်ထိ သည်းခံခြင်း၊ ဝန်ခံခြင်းတို့ဖြင့် ကျွန်ုပ်တို့စောင့်ဆိုင်းသည်။

ဆုတောင်းခြင်းသည် နားလည်မှုကို တောင်းခံခြင်းဖြစ်သည်။ သမ္မာကျမ်းစာ၌ ဘုရားသခင် ကျွန်ုပ်တို့အား ဘာပြောသည်ကို နားလည်စေနိုင်သည့် နည်းလမ်းလည်းဖြစ်သည်။ ဆုတောင်းခြင်းက တစ်စစီကျိုးပဲ့နေသည့် ကျွန်ုပ်တို့၏နှလုံးသားများကို စုစည်းလျက် အာရုံစူးစိုက်စေသည်။

ငြိမ်ဝပ်ဆိတ်ညံသောဆုတောင်းရာအရပ်တွင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို နှစ်သိမ့်မှုပေးသည်။ သွန်သင်လမ်းပြသည်။ ကျွန်ုပ်တို့ကို နားထောင်ပေးသည်။ ထိုနေရာတွင် ဘုရားရှင်ကို ချစ်ခြင်းနှင့် ပြပ်ဝပ်ကိုးကွယ်ခြ‌င်းကို ကျွန်ုပ်တို့ သင်ယူသိရှိလာရသည်။

David Roper ရေးသားသည့် Seeing God, © 2006 Our Daily Bread Publishing မှ ကောက်နှုတ်ဖော်ပြထားပါသည်။

<<ယခင်လစာမူ ပြန်ဖတ်ရန်