စက်တင်ဘာလခေါင်းစဥ် | သုံးပါးတစ်ဆူဘုရား
သမ္မာကျမ်းစာမှ ခမည်းတော်သည် ဘုရားသခင်၊ သားတော်သည် ဘုရားသခင်၊ သန့်ရှင်းသောဝိညာဥ်တော်သည် ဘုရားသခင်ဟု သွန်သင်ထားပါသည်။ ဘုရားသခင်သည် ခြားနားသော်လည်း မကွဲပြားသော ပုဂ္ဂိုလ်သုံးဦးအဖြစ် ထာဝရတည်သည့် တစ်ပါးတည်းသော ဘုရားဖြစ်သည်။ ခြားနားသောပုဂ္ဂိုလ်များအနေဖြင့် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဥ်တော်တို့သည် တစ်မူထူးသောနည်းဟန်ဖြင့် လှုပ်ရှားပါသည်။ ခမည်းတော်သည် အရာခပ်သိမ်းကို အစပြုဖန်ဆင်းသူ၊ သားတော်သည် ကြားခံလှုပ်ရှားသူ၊ သန့်ရှင်းသောဝိညာဥ်တော်သည် လက်တွေ့အသုံးပြုသူအနေဖြင့် ပုဂ္ဂိုလ်တစ်ပါးစီသည် ကိုယ့်အကြောင်းကိုယ်သိပြီး မိမိဘာသာ ထိန်းချုပ်နိုင်စွမ်းရှိသည်။ သို့သော် ပုဂ္ဂိုလ်တစ်ပါးစီသည် မိမိဘာသာ (သို့) ကျန်ပုဂ္ဂိုလ်နှစ်ပါးနှင့် ဆန့်ကျင်၍ ဘယ်သောအခါမျှ မလှုပ်ရှား၊ မလုပ်ဆောင်ပေ။
ပုဂ္ဂိုလ်သုံးပါးစလုံးသည် ဖန်ဆင်းခြင်းအမှု၌ ပါဝင်ခဲ့သည်။ “ထိုသခင်(ယေရှုခရစ်တော်)အားဖြင့်” ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသည် (ကော ၁:၁၆)။ ထို့ပြင် “ဝိညာဥ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏”(က ၁:၂)။
ကယ်တင်ခြင်းအမှုတွင်လည်း (ခမည်းတော်) ဘုရားသခင်သည် လောကသားတို့ကို ချစ်တော်မူသောကြောင့် သူ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူခဲ့သည် (ယော ၃:၁၆)။ ခရစ်တော်ထမြောက်ပြီး၊ ကောင်းကင်သို့တက်ကြွသွားပြီးသည့်နောက်တွင် ကိုယ်တော်နှင့် ခမည်းတော်တို့က သန့်ရှင်းသောဝိညာဥ်တော်ကို စေလွှတ်တော်မူသည် (၁၄:၁၆၊ ၁၆:၇)။
ဤပုဂ္ဂိုလ်သုံးပါးကြား ခြားနားမှုက ခရစ်တော်ဗတ္တိဇံခံယူချိန်၌ ထင်ရှားပေါ်လွင်ပါသည်။ သားတော်သည် ရေမှ ပေါ်ထစဥ်တွင် သန့်ရှင်းသောဝိညာဥ်တော်သည် ချိုးငှက်အသွင်ဖြင့် ဆင်းသက်ခဲ့ပြီး ခမည်းတော်က “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း”ဟု မိန့်တော်မူခဲ့သည် (မ ၃:၁၇)။ တပည့်တော်တို့အား “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဥ်တော်၏နာမ၌ ဗတ္တိဇံကို ပေး”ရန် သခင်ယေရှုမိန့်ကြားစဥ် (၂၈:၁၉) သုံးပါးတစ်ဆူဘုရားဖြစ်ခြင်းကို ကိုယ်တော်အတည်ပြု မိန့်ကြားခဲ့သည်။
ပုဂ္ဂိုလ်သုံးပါးဖြစ်သော တစ်ဆူတည်းသောဘုရားသခင်တွင် ကောင်းကင်ဘုံရှင် အဘခမည်းတော်သည် ကျွန်ုပ်တို့ကို ချစ်ပြီး၊ ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် အသေခံပေးရန် သူ၏သားတော်ကိုစေလွှတ်ခဲ့သည်။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ခံထိုက်သောအပြစ်ဒဏ်ကို ယူဆောင်ပေးရန် ကျွန်ုပ်တို့ကဲ့သို့ဖြစ်လျက် လူ့ဇာတိခံယူခဲ့သည်။ ကျွန်ုပ်တို့ကိုမစသူနှင့် နှစ်သိမ့်သက်သာစေသူဖြစ်သော သန့်ရှင်းသောဝိညာဥ်တော်သည် ကျွန်ုပ်တို့အတွင်း၌ ကိန်းဝပ်လျက် ကျွန်ုပ်တို့အပြစ်ကို အောင်နိုင်ရန် မစတော်မူသည်။
သုံးပါးတစ်လုံးတစ်ဝတည်း ဖြစ်တော်မူသောဘုရားသခင်သည် ကျွန်ုပ်တို့ဆုတောင်းသောအခါ ကြားတော်မူ၏။ ကျွန်ုပ်တို့ ဆင်းရဲဒုက္ခဝေဒနာခံစားရသောအခါ နားလည်တော်မူ၏။ ကျွန်ုပ်တို့ကို အိမ်တော်ပြန်ရောက်သည့်တိုင် ကြည့်ရှု စောင်မပို့ဆောင်လိမ့်မည်။
နေ့စဉ်ခွန်အားစာရေးသူ