အောက်တိုဘာလခေါင်းစဥ် | ခရစ်တော်၌ ကျွန်ုပ်တို့၏ဖြစ်တည်မှု

ပထမဆုံးသော မက်ဆီကန် အမေရိကန်လူမျိုး မျိုးဆက်အဖြစ် မိမိကိုယ်ကိုလက်ခံရန် အားပေးသည့်အနေဖြင့် ကျွန်မ၏မိဘများက အိမ်၌ စပိန်ဘာသာစကား ပြောလေ့ မရှိပါ။ ထို့ပြင် ကျွန်မနာမည်၏အလယ်စာလုံးကို အင်္ဂလိပ်အသံထွက်ဖြင့် စာလုံးပေါင်းပြီး ကျောင်း၌ စာရင်းသွင်းကျောင်းအပ်ခဲ့သည်။ ငါက ဘယ်လူမျိုးနဲ့ ဆိုင်တာလဲဟု သောကစိတ်နှင့် လုံးပမ်းခဲ့ရလျက်၊ အသက် (၁၈) နှစ်ရှိသောအခါ ပြည်နယ် မှတ်ပုံတင်ကတ်ကို လျှောက်ထားရာ၌ ကျွန်မ၏နာမည်အစ ဆိုချစ်(Xochitl) ကိုသာ ရေးသွင်းလိုခဲ့ပြီး၊ စွန့်ချန်ခဲ့ရသည့် လှပသော ယဥ်ကျေးမှုကို စူးစမ်းရှာဖွေလိုခဲ့သည်။

ဆယ်နှစ်ကြာပြီးနောက် ကျွန်မ၏မွေးစာရင်းကို တောင်းလျှောက်ရာ၊ မွေးစာရင်းစာရွက် ရောက်လာသောအခါ ထိတ်ထိတ်ပြာပြာနှင့် အမေ့ကိုဖုန်းခေါ်ကာ “သူတို့ ကျွန်မနာမည်စာလုံးပေါင်းတာ မှားနေတယ်”ဟု ပြောလိုက်သည်။

အမေက “သူတို့မှားတာမဟုတ်ဘူး။ သမီးမှားတာ”ဟု ပြန်ဖြေရင်း ပြည်နယ်မှတ်ပုံတင်ကတ်လျှောက်ထားချိန်ကို ပြန်ပြောင်းရည်ညွှန်းလျက် “အဲ့တုန်းက သမီး အဆန်းထွင်တာလို့ အမေထင်ခဲ့တာ”ဟု ပြောသည်။

ယခုခေတ်တွင် နာမည်နှင့်ပတ်သက်၍ ကျွန်မတို့ရေးကြီးခွင်ကျယ် မလုပ်တော့သော်လည်း သမ္မာကျမ်းစာ ခေတ်အချိန်က အမည်နာမဟူသည် လူတစ်ဦး၏စရိုက်သဘော၊ မျိုးရိုးအမွေအနှစ်နှင့် သူ၏ဖြစ်တည်မှုကို တည်ဆောက်ရာ၌ အထောက်အကူပြုပေသည်။

တမန်တော် ရှင်ယောဟန်က သခင်ယေရှု၏နာမတော်ကို ယုံကြည်သူအပေါင်းတို့သည် “ဘုရားသခင်၏သား” ဖြစ်ရသောအခွင့်ကို ပေးတော်မူကြောင်း မိန့်မြွက်လျက်၊ သခင်ယေရှုကို “နှုတ်ကပတ်တော်”ဟု နိဒါန်းချီ မိတ်ဆက်ခဲ့သည်(ယော ၁:၁၊ ၁၂)။ ကောင်းသောသိုးထိန်းအနေဖြင့် သခင်ယေရှုသည် သူ၏သိုးတို့ကို “နာမည်ဖြင့်ခေါ်၍”(၁၀:၃) ၎င်းတို့နှင့် ရင်းနှီးအကျွမ်းဝင်မှုကို အတည်ပြုဖော်ပြခဲ့သည်။

ဘုရားသခင်သည် လူမျိုးစုမျိုးနွယ်၊ လူမျိုး၊ ကိုယ်ရည်ကိုယ်သွေးကို လိုက်ပြီး အထူးထူးအပြားပြားသော ကျွန်မတို့၏ဖြစ်တည်မှုကို တမင် ဖန်ဆင်းပုံဖော်ပေးခဲ့သည်။ သို့သော် ဘုရားသားသမီးများအနေဖြင့် ကျွန်မတို့၏ဖြစ်တည်မှုကို ကောင်းကင်နိုင်ငံသား အဖြစ် ဘုရားရှင် အခိုင်အမာသက်သေထူခဲ့ပြီး(ဖိ ၃:၂၀)၊ ၎င်းသက်ဆိုင်ပတ်သက်မှုကို ကျွန်မတို့ လက်ခံရန် ကြိုးစားစရာမလို၊ စူးစမ်းရှာဖွေရန် မလိုပါ။ နာမတကာ အထက်၌ ရှိသော ခရစ်တော်ဟူသည့် ဘွဲ့နာမ၌ လုံခြုံစွာရှိနေသည့် ကတိတော်တစ်ခုစီတိုင်းကို ကျွန်မတို့ အမွေခံရပေသည်(၂:၉)။

Xochitl Dixon| နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်