နိုဝင်ဘာလခေါင်းစဥ် | ဝတ်ပြုကိုးကွယ်ခြင်း
ယုံကြည်ခြင်းနှင့်ပတ်သက်သည့် အခြေခံသဘောတရားကို အမေးအဖြေပုံစံ ရေးသား ထားသည့် ‘The Westminster Shorter Catechism of Faith’ စာအုပ်၌ လူသား၏ အမြတ်ဆုံးသောရည်မှန်းချက်ပန်းတိုင်သည် ဘုရားသခင်ကို ချီးမြှောက်ရန်နှင့် ကိုယ်တော်၌ အစဥ်ပျော်မွေ့ရန်ဖြစ်သည်ဟု ဖော်ပြထားသည်။ ဘုရားသခင်ကို ချီးမြှောက်ခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်းပင်ဖြစ်သည်။ ဘုရားသခင်၌ ဝမ်းမြောက်ခြင်းသည် အောက်ပါအကျိူး ကျေးဇူးများ အပါအဝင် ခပ်သိမ်းသောကောင်းကျိုးအဖြာဖြာနှင့် ပြည့်စုံပေသည်။
ခွင့်လွှတ်ခြင်း – စစ်မှန်သော ဝတ်ပြုကိုးကွယ်သူများသည် ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်ခြင်းကို သိမှတ်ဝန်ခံပြီး ကိုယ်တော်၏ခွင့်လွှတ်ခြင်းကို လက်ခံသည် (ရော ၅:၁၊ ၁ ယော ၁:၉)။ ဝတ်ပြုကိုးကွယ်ခြင်းအားဖြင့် ၎င်းတို့အား သန့်ရှင်းစေသည်။
လမ်းပြပဲ့ပြင်ခြင်း – ထာဝရဘုရားကို ချီးမြှောက်သူတို့အား ဉာဏ်ပညာကို ပေးသနားတော်မူပြီး ကိုယ်တော်၏လမ်းပြပဲ့ပြင်မှုကို ၎င်းတို့ တစ်နေ့ပြီးတစ်နေ့ ခံယူရရှိလိမ့်မည် (ဆာ ၂၅:၄-၁၂၊ သု ၁:၇၊ ၃:၅-၆)။
ထောက်ပံ့ဖြည့်ဆည်းပေးမှု – ကျွန်ုပ်တို့၏အသက်တာ၌ ဘုရားသခင်ကို ဦးထိပ်ထားလျှင် ရုပ်ပိုင်းဆိုင်ရာ လိုအပ်သည်များကို ကိုယ်တော်ပေးသနားတော်မူမည်ဟု သခင်ယေရှုမိန့်တော်မူ၏ (မ ၆:၃၃၊ ဆာ ၂၃၊ ၃၇:၃-၆)။
ချစ်ခြင်းမေတ္တာ – ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူ အစစ်အမှန်များသည် ၎င်းတို့၏ စိတ်နှလုံး၌ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ခံစားကြရပါသည် (ဆာ ၆၃:၃၊ ယော ၁၄:၂၁၊ ၂၃၊ ရော ၅:၅)။
တန်ခိုးတော် – ဘုရားသခင်နှင့် ထိုက်တန်သည့် ဘုန်းတော်ကို ချီးမြှောက်သူအပေါင်းတို့အား ကိုယ်တော် စေခိုင်းသောအမှုကို လုပ်ဆောင်နိုင်သောအစွမ်းကို ပေးသနားတော်မူ၏ (၂ ကော ၁၂:၇-၁၀၊ ဧ ၃:၁၄-၂၁၊ ဖိ ၄:၁၃)။
အကွယ်အကာ – ဘုရားသခင်ကို သိမှတ်ဝန်ခံသူတို့အား ကိုယ်တော်သည် သစ္စာတော်နှင့် ကြည့်ရှုလျက်၊ ပြောင်းလဲနေသော ဘဝလောကဓံအခြေအနေများတွင် စောင့်ထိန်းတော်မူသည် (ဆာ ၅:၁၁-၁၂၊ ၁ ပေ ၁:၅)။
ဘုန်းအသရေ – စစ်မှန်သည့် ဝတ်ပြုကိုးကွယ်သူအပေါင်းတို့သည် တစ်နေ့သောအခါတွင် ဘုန်းအသရေကို ခံရကြမည်။ ကောင်းကင်သစ်မြေကြီးသစ်ကို အမွေခံရပြီး၊ ယုံကြည်သူ များ၊ ကောင်းကင်တမန်များနှင့်အတူ ပြီးပြည့်စုံလျက် မည်သည့်အနှောင့်အယှက်မှမရှိသော ဝတ်ပြုကိုးကွယ်ခြင်း၌ ပါဝင်ကိုးကွယ်ရလိမ့်မည် (၂ ပေ ၃:၁၃၊၁ ယော ၃:၂၊ဗျာ ၁၉:၁-၁၀)။
နေ့စဉ်ခွန်အားစာရေးသူ
