ဒီဇင်ဘာလခေါင်းစဥ် | အသင်းတော်၌ ပါဝင်လှုပ်ရှားခြင်း

‘လူမှုအသိုင်းအဝိုင်း’ဟု ပြောလျှင် စိတ်၌ မည်သည့်အရာကို မြင်ယောင်မိသနည်း။ ယုံကြည်သူအသိုင်းအဝိုင်းသည် ၎င်းတို့၏ညီညွတ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ သမ္မာတရား၌ ကြီးထွားခြင်း၊ စေစားသည့်အမှုတော်ကို အလေးထားခံယူခြင်း စသည့်အချက်များအားဖြင့် ၎င်းတို့ကို လူအပေါင်းတို့ သိမှတ်ကြစေရန် သခင်ယေရှု ဆုတောင်းခဲ့သည် (ယော ၁၇)။ တစ်စိတ်တစ်သဘောတည်းရှိခြင်း – “ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ … ဤသူတို့သည် ဖြစ်”မည့်အကြောင်း (:၁၁) သူတို့ကို ကွယ်ကာရန်၊ ညီညွတ်ခြင်းသည် အသင်းတော်၏ဖြစ်တည်မှုကို ဖော်ဆောင်သည့်အမှတ်အသားဖြစ်ရန် သခင်ယေရှု ဆုတောင်းခဲ့သည်။ စည်းလုံးညီညွတ်ခြင်းသည် အပြင်ပန်း အသွင်သဏ္ဌာန်တူညီခြင်းကို မဆိုလိုပါ။ မိမိ၏ စွမ်းရည်အသီးသီးရှိသည့်အတိုင်း ပူးပေါင်းရန် ကျွန်ုပ်တို့ စုရုံးကြသည်။ သို့သော် ထိုသို့မတူညီကွဲပြားမှုများကြားမှာပင် ကျွန်ုပ်တို့ဝန်းကျင်ပတ်လည်ရှိ လောကသားများအား မေတ္တာပြနိုင်ပါသည်။

ဝမ်းမြောက်ခြင်း – “ဤသူတို့သည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံ”ရန် (:၁၃) သခင်ယေရှုဆုတောင်းခဲ့သည်။ အသိုင်းအဝိုင်း/အစုအဖွဲ့ရှိခြင်း၏ ကောင်းကျိုးတစ်ခုမှာ အဖွဲ့က အားပေးတိုက်တွန်းမှုပြုနိုင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ကို ဝမ်းမြောက်ကျေနပ်မှုပေးနိုင်သူမှာ ကျွန်ုပ်တို့၏ဖန်ဆင်းရှင် တစ်ပါးတည်းသာဖြစ်ကြောင်း ယုံကြည်သူမိတ်ဆွေများက ကျွန်ုပ်တို့ကို သတိပေးကြမည်ဖြစ်သည်။

သမ္မာတရားသိကျွမ်းခြင်း၌ ကြီးထွားခြင်း – “မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှာ စောင်မတော်မူ”ရန် သခင်ဆုတောင်းခဲ့သည် (:၁၅)။ သမ္မာတရားမှ ကျွန်ုပ်တို့ လမ်းလွှဲသွားချိန်၌ ကျွန်ုပ်တို့ကို ထိပ်တိုက်ရင်ဆိုင်ကာ အမှန်ပြင်ပေးနိုင်‌သော တစ်မူထူးသည့် စွမ်းရည်သည် ခရစ်ယာန်အစု‌အဝေး၌ ရှိသည်။ ဧဝံဂေလိစကား၌ ကျွန်ုပ်တို့ပြန်လည်အာရုံပြုနိုင်အောင် မစရန်မှာ ယုံကြည်သူအစုအဖွဲ့ဖြစ်သည့် အသင်းတော်၏တာဝန်ဖြစ်သည်။

စေစားသည့် အမှုတော်ကို အလေးထားခံယူခြင်း – “အကျွန်ုပ်သည် ဤသူတို့ကို (ဤလောကသို့) စေလွှတ်ပါ၏” (:၁၈)။ ခရစ်ယာန်များသည် လောကကြီးနှင့် သီးခြားကင်းကွာနေရန် ဘုရားရှင် မရည်ရွယ်ပါ။ လောကအသိုင်းအဝိုင်း၌ နေထိုင်လှုပ်ရှားရန် သခင်ယေရှု ကျွန်ုပ်တို့ကို စေစားပါသည် (မ ၂၈:၁၈-၂၀)။ ယုံကြည်သူချင်း၏ပေါင်းသင်းဆက်ဆံရေးက အခြား (မယုံကြည်သူမိတ်ဆွေများနှင့်) ဆက်ဆံရေးများကိုအလေးထားရန် အားပေးသည်။ အတူတကွ အချင်းချင်းအတွက် ဆုတောင်းရန် ကျွန်ုပ်တို့ စုရုံးကြပြီး၊ ထိုနောက်တွင် အစေခံရန်၊ မေတ္တာပြရန်၊ အခြားသူများကို သခင်ယေရှုနှင့် ဆက်သွယ်ရေးသို့ ဖိတ်ခေါ်ရန် အသင်းတော်ပြင်ပသို့ ထွက်ခွာကြရန်ဖြစ်ပါသည်။

 

 နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်