ဇန်နဝါရီလခေါင်းစဥ် | သမ္မာကျမ်းစာ၏ကြီးမြတ်သောဇာတ်လမ်း
ယခုခေတ်ကာလ၌ ငြိမ်သက်ခြင်းကို ခံစားရသူ မရှိလောက်ဖြစ်သည်။ ရှုပ်ထွေးပွေလီသည့်လောက၌ လူတို့နားမလည်နိုင်လောက်သော ငြိမ်သက်ခြင်းကို ဘုရားသခင် ကမ်းလှမ်း ပေးနေသည်။ ငြိမ်သက်ခြင်းကို မျှော်လင့်ခြင်းသည် သမ္မာကျမ်းစာ၏ ဇာတ်လမ်းနှလုံးသည်းပွတ်၌ တည်နေသည်။
ဧဒင်ဥယျာဥ်၌ အာဒံနှင့်ဧဝတို့ ဘုရားသခင်ကို မနာခံခဲ့ခြင်းကြောင့် ကျွန်ုပ်တို့ အားလုံးသည် မိမိ၏ဖန်ဆင်းရှင်နှင့် ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် လိုအပ်ချက်ဖြင့် မွေးဖွားခဲ့ကြသည်။ ဤဆက်ဆံရေးပြဿနာကို ဘုရားသခင် ရင်ဆိုင်ဖြေရှင်းခဲ့ပြီးဖြစ်သည်။ လူတစ်ဦးချင်းစီအား ကယ်တင်ခြင်းကို ကမ်းလှမ်းပေးမည့်သူတစ်ဦးကို စေလွှတ်မည်ဟု ကိုယ်တော် ကတိပြုခဲ့သည်။ ထိုသူမှာ “ဤလောက၏အပြစ်ကို ဆောင်ယူသွားသည့် ဘုရားသခင်၏သိုးသငယ်” (ယော ၁:၂၉) ယေရှုဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်အတွက် သူ့ကိုယ်ကို ပူဇော်ခဲ့သူ ယေရှု၏ ကမ်းလှမ်းမှုကို ယုံကြည်ခြင်းဖြင့် ခံယူပြီး သူ့အား ကိုးစားလျှင် ရလဒ်အကျိုးမှာ ဘုရားသခင်နှင့် ရန်ငြိမ်းရသောအခွင့်ကို ရရှိမည်ဖြစ်သည်။
သို့သော် နိစ္စဓူဝကြုံဆုံရသည့် အမှုအရေးက ငြိမ်သက်ခြင်းကို ခြိမ်းခြောက်လျက်၊ အမျက်ဒေါသ၊ မနာလိုမှု၊ ဖိစီးမှု၊ ဆက်ဆံရေးများ၊ အလုပ်အကိုင်နှင့် ကျန်းမာရေး ပြဿနာများက ငြိမ်သက်ခြင်းကို ခံစားရခွင့် မပေးပါ။ သို့သော် သခင်ယေရှု ပေးနေသည့် အခြားငြိမ်သက်ခြင်း တစ်မျိုးမှာ ဘုရားသခင်၏ငြိမ်သက်ခြင်းဖြစ်သည်။
သခင်ယေရှုက “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ ငါပေးသည် မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်”(ယော ၁၄:၂၇)ဟု မိန့်တော်မူသည်။
တမန်တော်ရှင်ပေါလုကလည်း သူ၏စာကို ဖတ်ရှုသူများအား “သင်တို့ စိတ်နှလုံးအထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်းအုပ်စိုးစေ။ ထိုသို့အလိုငှာ သင်တို့သည် တစ်လုံးတစ်ကိုယ်တည်း၌ ခေါ်ထားတော်မူခြင်းကို ခံကြရသည်ဖြစ်၍ ကျေးဇူးတော်ကို သိသောစိတ်ရှိကြလော့”ဟု အားပေးခဲ့သည် (ကော ၃:၁၅)။
သမ္မာကျမ်းစာ၏ကြီးမြတ်သောဇာတ်လမ်းမှာ သခင်ယေရှုသည် သေခြင်းကို အောင်လျက် ကျွန်ုပ်တို့အား ထာဝရအသက်ကိုပေးရန် ကတိရှိခဲ့ခြင်း အကြောင်းတည်း။ ဤအံ့ဩဖွယ်သမ္မာတရားကြောင့် ကျွန်ုပ်တို့သည် လောက၏မသေချာမရေရာမှုများ၏လောင်မြိုက်မှုကို ခံယူမည့်အစား ကျွန်ုပ်တို့၏စိတ်နှလုံး၌ ဘုရားသခင်၏ ငြိမ်သက်ခြင်းအုပ်စိုးရန် အခွင့်ပေးနိုင်ပါသည်။
နေ့စဉ်ခွန်အားစာရေးသူ | David Frees
