ဖေဖော်ဝါရီလခေါင်းစဥ် | နှစ်သက်ဖွယ်အကျင့်သီလကို ပျိုးထောင်ခြင်း
ဂီတပဒေသာတေးသရုပ်ဖော်များကို ရေးစပ်သူ ဂျဲရီဘော့ (Jerry Bock) စီစဥ်သည့် “ခေါင်မိုးပေါ်မှတယောဆရာ” ပြဇာတ်တွင် အဓိကဇာတ်ကောင်ဖြစ်သည့် တေးဗီး (Teyve) က (အောင်သွယ်မှတစ်ဆင့် သူလက်ထပ်ယူခဲ့သည့်) သူ့မိန်းမ ဂိုးလ်ဒီအား သူ့ကိုချစ်လားဟု ရုတ်တရက် မေးလိုက်သည့်အခန်းကို ကျွန်မအလွန်သဘောကျသည်။ “ဘာဖြစ်တယ်…”ဟု ဂိုးလ်ဒီက ပျာပျာသလဲ ပြန်မေးလိုက်သည်။ ၂၅ နှစ်လုံးလုံး နှစ်ဦးသား မိသားစုအတွက် ကြိုးစားရုန်းကန်လျက်၊ သားသမီးများကို အတူပြုစုပျိုးထောင် ခဲ့ခြင်းက အချစ်မဟုတ်လျှင် ဘာမှန်းမသိတော့ပါဟု ဂိုးလ်ဒီ ဝန်ခံခဲ့သည်။
ထိုဇာတ်ဝင် ခန်းလေးက သူတို့နှစ်ဦးသား တစ်ဦးနှင့်တစ်ဦး မြတ်နိုးစုံမက်ကြကြောင်း သိရှိကာ ထိုအသိ၌ မိန်းမောအံ့ဩလျက် နစ်မျောခြင်းဖြင့် အဆုံးသတ်ခဲ့သည်။
အချစ်ခံရ၍ ဝမ်းမြောက်ရခြင်းနှင့် အတူရှင်သန်သည့်ဘဝ၏နေ့စဥ်ဆုံးဖြတ်ချက်များတွင် ထိုမေတ္တာကို လက်တွေ့ပြရန် သံန္နိဋ္ဌာန်ချထားခြင်း အချက်နှစ်ချက်ကို ထင်ဟပ်ဖော်ပြနေသည့်အတွက် ထိုဇာတ်ဝင်ခန်းကို ကျွန်မမြတ်နိုးမိသည်။ အခြားသူ၏ အကျိုးအတွက် အသက်ရှင်လိုစိတ်၊ ဘဝကို မျှဝေခံစားလိုစိတ် ရှိသောအခါ လတ်တလော ၌ ၎င်းကို မသိနားမလည်သော်လည်း ကျွန်မတို့အား ချစ်မေတ္တာဝန်းရံလျက်ရှိသည်။
သခင်ယေရှုကို ယုံကြည်သူများအနေနှင့် ရှင်ပေါလုပြောသကဲ့သို့ နေ့စဥ် “မေတ္တာတရား၌ ကျင်လည်”လျက် (၁ ကော ၁၄:၁၊ ဧ ၅:၁-၂)၊ အသက်ရှင်ရန်မှာ မိမိသည် အချစ်ခံရသူဖြစ်ကြောင်း သိနားလည်ခြင်းဖြင့် အစပြုရမည်။ ကျွန်မတို့အတွက် ခရစ်တော်၏စွန့်လွှတ်ပူဇော်မှုသည် တစ်ခါတည်း အပြီးအစီးဖြစ်ပြီး၊ ၎င်းသည် အရာခပ်သိမ်းကို ပြောင်းလဲစေခဲ့သည်။
မေတ္တာလမ်းစဥ်သည် ဘုရားမေတ္တာမှ အစပြုသည်။ သုံးပါးတစ်လုံးတစ်ဝဆိုင်ရာ သမ္မာတရားတွင် ဝမ်းမြောက်သော၊ ကိုယ်ကျိုးမငဲ့သော၊ ပျော်မွေ့သော မေတ္တာစိတ် သည် ဘုရားသခင့်နှလုံးသား၏ အဓိကအချက်ဖြစ်ပြီး၊ ဖန်ဆင်းခြင်းတွင် အခြေခံဖြစ်သည်။ ဘုရားသခင်၏မေတ္တာတော်သည် လောကကြီးကို ဖန်ဆင်းခဲ့ပြီး၊ ထိုမေတ္တာ လက်ဆောင်သည် အခြားသူများအတွက် ကျွန်မတို့၏နှလုံးသားကို ဖွင့်ပေးသည်။
ထို့ကြောင့် ယုံကြည်သူတို့အား သဘောတစ်ညီတည်းရှိနေရန် ရှင်ပေါလု သွန်သင်ရာ၌ ခရစ်တော်အားဖြင့် ဘုရားသခင်၏ ခွင့်လွှတ်ခြင်း၊ ကရုဏာတော်နှင့် မေတ္တာတော်ကို သတိပေးခြင်းဖြင့် အစဥ်အစပြုခဲ့သည်။ “သင်တို့သည် ဘုရားသခင်၏ ချစ်သား”(ဧ ၅:၁-၂)ဖြစ်ခြင်းကြောင့် အခြားသူများအပေါ် ထိုမေတ္တာလမ်းစဥ် အတိုင်း ကျင့်သုံးအပ်ကြောင်း သတိပေးခဲ့သည်။ သည့်တိုင် ၎င်းသည် မေတ္တာဘဝရှင်သန်မှု မဟုတ်သေးပါ။ ဘာဘဲဖြစ်ဖြစ် အခြားသူတို့၏အကျိုးကို ရှေ့ရှုမည်ဆိုသည့် ဘဝ ရှင်သန်မှုက အလွယ်တကူဖြစ်လာမည်ဟု မဆိုလိုပါ။ ထိုမျှ လွယ်ကူမည်ဆိုပါက သမ္မာကျမ်းစာ၌ အခြားသူများနှင့် အတူယှဥ်တွဲနေထိုင်ခြင်းအကြောင်းကို များစွာ ပြောစရာအကြောင်းမရှိပါ။
ကျွန်မတို့သည် အခြေအနေပေါ်မမူတည်ဘဲ နက်ရှိုင်းစွာ ချစ်ခြင်းခံရပါသည်။ သို့သော် ကျွန်မတို့သည် အချစ်ခံရကြောင်းကို မေ့လျော့သည့် သားသမီးများဖြစ်သည်။ ထိုမျှမက သတိရသည့်တိုင် “သူများအတွက် မပြောနှင့်။ ကိုယ့်အတွက်ပင် ဟုတ်ပါ့
မလား”ဟု ယုံကြည်နိုင်ရန် ရုန်းကန်နေရသည်။
ထို့ကြောင့် ခရစ်တော်၏မေတ္တာလက်ဆောင်နှင့် ၎င်းသည် ဘုရားသခင်အကြောင်း ဘာသွန်သင်သည်ကို သတိရအောင် သမ္မာကျမ်းစာက အဖန်တစ်လဲလဲ ကျွန်မတို့ကို ဖိတ်ခေါ်သည်။
ကျွန်မတို့ အလေးအနက် ဆင်ခြင်ထိုက်သော၊ ထိမ်းမြားလက်ထပ်ပွဲများတွင် ဖတ်လေ့ရှိသော မေတ္တာအကြောင်းကို ဖွဲ့ဆိုဖော်ကျူးသည့် ၁ ကော ၁၃ ကို ရှင်ပေါလု က ယုံကြည်သူအသိုင်းအဝိုင်း၌ ဦးစွာ သွန်သင်ခဲ့သည်။ လူတစ်ဦးအပေါ်မဟုတ်ဘဲ “ကိုယ်တစ်ခုတည်း”(၁၂:၁၃) ဖြစ်ရန် ခေါ်ယူခံရသည့် ယုံကြည်သူတို့၏မိတ်သဟာယတစ်ခုလုံး၌ ထိုမေတ္တာကို ပျိုးထောင်ရန် ဖိတ်ခေါ်ခဲ့သည်။
မေတ္တာသည် ဆုကျေးဇူးဖြစ်သလို ဘဝရှင်သန်ရမည့်လမ်းစဥ်လည်းဖြစ်သည်။ “ဘုရားသခင်၏ချစ်သား”များ ဖြစ်ခြင်းကို တွေ့ကြုံခံစားရလျက် ယုံကြည်သူတို့ ပေါင်းစည်းကာ အတူတကွ ရှင်သန်ရမည့်ဘဝလမ်းခရီးဖြစ်သည်။
မေတ္တာသည် ကျွန်မတို့၏အခြေခံအုတ်မြစ်ဖြစ်သောအခါ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ကိုယ်ကျိုးရှာခြင်း၊ မိမိကိုယ်ကို ကာကွယ်လိုခြင်းစသည့်စိတ်ထားများကို (ဧ ၄:၃၁) ကျွန်မတို့ ပြောင်းလဲနိုင်လိမ့်မည်။ မိမိအချစ်ခံရခြင်းကို မသိမီက မိမိကိုယ်ကို ကာကွယ်ရန်လိုသည်ဟု တွေးပြီး ကျွန်မတို့ ဘဝရှင်သန်ခဲ့ကြသည်။
မေတ္တာ၌ “စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်း”ရှိသောအခါ၊ ခရစ်တော်၏ မေတ္တာ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြားသိသောအခါ၊ ကိုယ်ဉာဏ်နှင့် မသိနိုင်သော ဤမေတ္တာကို နားလည်ပြီး ဘုရားသခင်၏ပြည့်စုံတော်မူခြင်းရှိသမျှနှင့်အညီ ပြည့်စုံလာသောအခါ (ဧ ၃:၁၇-၁၉)၊ မေတ္တာသည် အဘယ့်ကြောင့် အမြတ်ဆုံး ဖြစ်သည်(၁ ကော ၁၂:၃၁)၊ အဘယ့်ကြောင့် မေတ္တာမရှိလျှင် အချည်းနှီးဖြစ်သည်ကို (၁၃:၃) အဆုံး၌ နားလည်လာလိမ့်မည်။
ထိုအခါ ကယ်တင်ရှင်၏ မေတ္တာလမ်းစဥ်၏ ကျေးဇူးတော်၊ လွတ်ခြင်းအခွင့်ကို ကျွန်မတို့ ဝမ်းမြောက်စွာ ရွေးချယ်နိုင်လိမ့်မည်။ “ကိုယ်အကျိုးကို မရှာ”သော မေတ္တာသည်(၅) “ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏”(၇)။
နေ့စဉ်ခွန်အားစာရေးသူ | Monica La Rose
