မတ်လခေါင်းစဥ် | ဧဝံဂေလိတရား

ဂျက်သည် စကားပြောကြမ်းသည့်ပိုက်ပြင်လုပ်သားတစ်ဦးဖြစ်ပြီး လွန်ခဲ့သောနှစ်များစွာက အသင်းတော်၏ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု၌ အလုပ်လုပ်ခဲ့သူဖြစ်သည်။ သူ့အတွက် ကျွန်ုပ်ဆုတောင်းပေးနေကြောင်း သူသိသောအခါ သူ့မိတ်ဆွေများအတွက် ဆုတောင်းပေးရန် တစ်ခါတစ်ရံ ပြောလာသည်။ ဂျက်ကို အနီးအပါးသို့ ဆွဲခေါ်လျက် ကယ်တင်ပါမည့်အကြောင်း ဘုရားသခင်ထံ၌ ကျွန်ုပ် ၇ နှစ် နေ့စဥ် ဆုတောင်းခဲ့သည်။

တစ်ခုသောစနေနေ့ နံနက်ပိုင်း ဝတ်ပြုကိုးကွယ်ချိန်တွင် ကျွန်ုပ်တို့အသင်းတော်၌ ခရစ်တော်ထံသို့လူများ ယုံကြည်ပြောင်းလဲပြီး တိုးပွားလာရန် လိုကြောင်း ခံစားရပြီး၊ “ဘုရားသခင်၊ လူတစ်ဦးပေးပါ”ဟု ကျွန်ုပ် ရိုးရှင်းစွာ ဆု‌တောင်းခဲ့သည်။ ထိုနေ့နေ့ခင်းပိုင်းတွင် ဖုန်းဝင်လာရာ ဂျက်ဖြစ်နေသည်။ “အခု ကျွန်တော် ပန်ကရိယကင်ဆာဖြစ်နေတယ်။ ကျွန်တော် သေဖို့ အသင့်မဖြစ်သေးဘူး”ဟု သူက ဆိုသည်။ သို့နှင့် လာမည့်ဗုဒ္ဓဟူးနေ့၌ တွေ့ရန် ချိန်းလိုက်သည်။ သူ့အတွက် အခြားသူများ ဆုတောင်းပေးခြင်းကိုလည်း သူလက်ခံသည်။ အသင်းတော်၏ တနင်္ဂနွေနေ့ည ဆုတောင်းစည်းဝေးတွင် ဂျက်၏ရောဂါနှင့် သူ၏ကယ်တင်ခြင်းအတွက် ကျွန်ုပ်တို့ ဆုတောင်းခဲ့ကြသည်။

တစ်ပတ်အကြာတွင် စိတ်ရင်းအတိုင်း လှိုက်လှဲစွာ စကားပြောဆိုပြီးသည့်နောက်တွင် ဂျက်သည် သခင်ယေရှုကို သူ၏ကယ်တင်ရှင်နှင့် သခင်အဖြစ် ယုံကြည်လက်ခံခဲ့ပြီး၊ တနင်္ဂနွေနေ့တွင် နှစ်ခြင်းမင်္ဂလာခံယူခဲ့သည်။

ဆုတောင်းခြင်းက အမှုအရာတို့ဖြစ်ပျက်လာအောင် ဘုရားသခင်၏တတ်စွမ်းနိုင်မှုကို အလေးအနက်ပြုသည်။ လူတစ်စုံတစ်ဦးအား ခရစ်တော်ထံပို့ဆောင်ရန် ကျွန်ုပ်တို့ အတင်းအကြပ်ပြု၍ မရကြောင်း နှိမ့်ချစွာ ဝန်ခံသောအခါ ကျွန်ုပ်တို့ ဘယ်သောအခါမှ မလုပ်ဆောင်နိုင်သောအမှုအရာကို ဘုရားသခင်ပြုပေးရန် လမ်းဖွင့်ပေးလိုက်ခြင်းပင် ဖြစ်သည်။ အခြားသူများကို အနီးအပါးသို့ ဆွဲခေါ်ရန် ဘုရားသခင်၏ဝိညာဥ်တော်အား ဆုတောင်းသောအခါ တန်ခိုးတော်ကို ကျွန်ုပ်တို့ ဖိတ်ခေါ်ခြင်းဖြစ်ပြီး ကျွန်ုပ်တို့အတွက် ကြီးမားလွန်းသည်ဟု ထင်ရသည့်အခက်အခဲများကို ကိုယ်တော် အောင်နိုင်ပေသည်။

သခင်ယေရှုအားဖြင့် ကျွန်ုပ်တို့အပေါ်ထားသည့် ဘုရားသခင်၏သနားကြင်နာမှုကြောင့် ကိုယ်တော်နှင့် ထာဝရဝေးကွာနေသူတို့အတွက် ကရုဏာစိတ်ဖြင့် ကျွန်ုပ်တို့ အော်ဟစ်ရာ၌ “ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဥ်းကပ်” နိုင်ပါသည် (ဟေဗြဲ ၄:၁၆)။ ဤသို့ ဆုတောင်းခြင်းအားဖြင့် သူတစ်ပါးကို မေတ္တာပြသောအခါ ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည်လည်း ကျွန်ုပ်တို့အတွက် ဆုတောင်းပေးနေကြောင်း စိတ်ချထားနိုင်ပါသည်(ရော ၈:၃၄)။

 နေ့စဉ်ခွန်အားစာရေးသူ | James Banks

<<ယခင်လစာမူ ပြန်ဖတ်ရန်