ဇူလိုင်လခေါင်းစဥ် | ချီးမွမ်းပွဲခံခြင်း

လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မြို့ကြီးတစ်မြို့၏အမှိုက်ပုံမှ အနံ့ဆိုးများထွက်နေ သည်ကို ပြည်သူလူထုမှသတိပြုမိပြီးနောက် ထိုအမှိုက်ပုံ၌ ဖိအားပြင်း အနံ့ပျောက်ဆေးဖြန်းစက် အလုံးတစ်ရာကို တပ်ဆင်ခဲ့သည်။ အမြောက်ပြောင်းသဏ္ဌာန် အနံ့ပျောက် ဆေးဖြန်းစက်ကြီးမှ အမွှေးရည် ဂါလံပေါင်းများစွာကို တစ်မိနစ်လျှင် ပေ ၁၆၀ ကျော်နှုန်းဖြင့် ပုပ်စော်နံနေသည့်အမှိုက်ပုံကြီးကို ရွှဲစိုသွားအောင် ပက်ဖြန်း ခဲ့သည်။ အနံ့ပျောက်ဆေးရည်ကို မည်မျှပင် ဖြန်းပက်ခဲ့လည်း ပြဿနာကို ပြီးပြတ်အောင် မဖြေရှင်းနိုင်ခဲ့ပါ။

အနံ့ပျောက်ဆေးဖြန်းစက်သုံးသကဲ့သို့ ဒါဝိဒ်မင်းကြီးသည်လည်း သူ့အပြစ်ကို ဖြေရှင်းဖုံးအုပ်ရန် ကြိုးစားခဲ့သည်။ ဗာသရှေဘကို သူပြစ်မှားခဲ့ပြီး၊ ဗာသရှေဘ၏ခင်ပွန်းကို လုပ်ကြံသည့်အရှုပ်တော်ပုံကို စီမံကြိုးကိုင်ခဲ့ပြီးနောက် (၂ ရာ ၁၁:၁-၁၇)၊ ဒါဝိဒ်သည် တိတ်ဆိတ်စွာနေခြင်း၊ လှည့်စားခြင်း၊ အပြင်ပန်း ဘုရားဝတ်၌ မွေ့လျော်ခြင်းအမွှေးရည်ဖြင့် သူ့လုပ်ရပ်ကို ဖုံးကွယ်ခဲ့သည်။ သို့သော် အပြစ်ရှိသည့်လိပ်ပြာမသန့်သောစိတ်နှင့် ဘုရားသခင်၏အပြစ်ကို ဖော်ပြခြင်းကို သူမဆန့်ကျင်နိုင်ခဲ့ပါ။ နောက်ဆုံးတွင် ဒါဝိဒ်သည် ကရုဏာနှင့် အပြစ်ဆေးကြောပေးရန် ဘုရားသခင်ထံ ဟစ်ခေါ်ခဲ့တော့သည်။“အို ဘုရားသခင်၊ … အကျွန်ုပ်ကို သနားတော်မူပါ။ အကျွန်ုပ် လွန်ကျူးခြင်းအပြစ်ကို ဖြေတော်မူပါ။ …ကိုယ်တော်ကို ပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ မတရားသောအမှုကို ပြုပါပြီ”ဟု သူဆုတောင်းခဲ့သည် (ဆာ ၅၁:၁၊၄)။

ဒါဝိဒ်သည် ဘုရားသခင်ရှေ့တော်၌ သူ့အပြစ်ကို သိမှတ် ဖွင့်ဟဝန်ခံလျက် နောင်တရခဲ့သည်(ဆာ ၃၂:၅)။ ဒါဝိဒ်မင်း၏မနာခံမှုကို ဘုရားသခင် ခွင့်လွှတ်ခဲ့ပြီး ဝမ်းမြောက်ခြင်း ပြန်လည်ပေးသနားခဲ့သည်(:၅၊၇၊ ၅၁:၁၂-၁၅)။ အခြားသူများအား ဘုရားသခင်၏ခွင့်လွှတ်ခြင်းအကြောင်း သင်ပေးရန် ဒါဝိဒ်ထံမှ ချီးမွမ်းခြင်းများက အချိုရည်ဘူးကို လှုပ်ခါပြီး ဖွင့်ဖောက်သကဲ့သို့ အရှိန်ပြင်းပြင်း ထွက်ပေါ်လာခဲ့သည်။

ကျွန်ုပ်တို့ အပြစ်ပြုသောအခါ အပြစ်ကို ဖုံးကွယ်ရန် ကြိုးစားခြင်းက အချည်းနှီးဖြစ်ပါသည်။ မနာခံခြင်းအနံ့ဆိုးကို ဖုံးကွယ်၍ မရပါ။ သို့သော် အပြစ်ကိုဝန်ခံပြီး နောင်တရသောအခါ ဘုရားရှင်သည် အပြစ်ကို ဖယ်ရှားပေးပြီး သူ၏ကျေးဇူးတော်နှင့် ခွင့်လွှတ်ခြင်း မွှေးရနံ့ကို သင်းပျံ့စေလိမ့်မည်။ သူ၏မျက်မှောက်တော်၌ မွေ့လျော် ချီးမွမ်းရသောအခွင့်ကို ပေးလျက် ကယ်တင်ခြင်းနှင့်ယှဥ်သော ဝမ်းမြောက်ခြင်းကို ပြန်လည်ပေးသနားလိမ့်မည်။

နေ့စဉ်ခွန်အားစာရေးသူ | Marvin Williams

<<ယခင်လစာမူ ပြန်ဖတ်ရန်