ဥပဒေ – တရားဟောရာကျမ်း

ကန္တာရထဲ၌ အနှစ် ၄၀ သွားလာပြီးနောက် ဘုရားသခင်၏လူမျိုးတော်သည် ကတိတော်ထားရာနယ်မြေ၏ အစွန်အဖျားနားသို့ ရောက်ရှိလာသည်။ ပိုမိုကောင်းမွန်သည့် ဘဝအခြေအနေသို့ တက်လှမ်းရန်အတွက် သူတို့ အသင့်ရှိနေကြပြီဖြစ်သည်။ သို့ရာတွင် သူတို့အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသည့် အံ့သြဖွယ်အသက်တာကို မွေ့လျော်ခံစားနိုင်ရန်အတွက် ဘုရားသခင်သွန်သင်ထားသည့် အသက်ရှင်သန်ရန်နည်းလမ်းအတိုင်း သူတို့တသွေ မတိမ်း လိုက်လျှောက်ရမည်ဖြစ်သည်။ ထို့ကြောင့် တရားဟောရာကျမ်း၌ ဣသရေလ လူမျိုးတို့အတွက် ဘုရားသခင်၏ပညတ်တော်များကို မောရှေထပ်မံ မိန့်မြွက်ခဲ့သည်။

ဘုရားသခင်သည် မောရှေ၏စကားလုံးများမှတဆင့် ဣသရေလလူမျိုး ကို ချစ်သည်ဆိုသည့် သူ၏နှလုံးသားကို ကျွန်ုပ်တို့အား ဖွင့်ဟပြသသည်။ ဣသရေလလူမျိုးတို့သည် သူ့အား ချစ်လျက် ယုံကြည်ကိုးစားရန်လည်း ဘုရားရှင် အလိုတော်ရှိသည်။ စက်ရုပ်များကို ကိုယ်တော်အလိုမရှိဘဲ သူ၏လူမျိုးတော်နှင့် ရင်းနှီးကျွမ်းဝင်သည့် ဆက်ဆံရေးကို အလိုရှိသည်။ စင်စစ် တရားဟောရာကျမ်းသည် လက်ထပ်မင်္ဂလာပွဲနှင့် အလားသဏ္ဌာန်တူသည်။ ဘုရားသခင်သည် သူ၏မေတ္တာတော်နှင့်သစ္စာတော်တည်မည့် ကတိတော်များအားဖြင့် မိမိကိုယ်ကို ဣသရေလလူမျိုးတို့နှင့် ရစ်ပတ် ချည်နှောင်ထားပြီး၊ ဣသရေလတို့ကလည်း ဘုရားသခင်အပေါ် သစ္စာတည်လျက်
သူ၏ပညတ်တော်အား လိုက်လျှောက်ပါမည်ဟု တောင်ပေါ်၌ တခမ်းတနား ကတိသစ္စာပြုကာ ဘုရားသခင်အား တုံ့ပြန်ကြသည်။ ၎င်းသည် သူတို့၏ ဘဝသစ်အတွက် အလားအလာကောင်းမွန်သော အစပြုခြင်းပင် ဖြစ်သည်။

တရားဟောရာကျမ်းသည် ဘုရားသခင်နှင့်နက်နဲသည့် ရင်းနှီးကျွမ်းဝင်မှု၏စိတ်လှုပ်ရှားအံ့ဖွယ်အတွေ့အကြုံကို ခံစားလိုသူများအတွက် ရေးသား ထားခြင်းဖြစ်သည်။ တရားဟောရာကျမ်းသည် မိမိတို့၏ဖြစ်တည်သမျှ အရာ
အားလုံးကို ဘုရားသခင်အား ပုံအပ်ပေးအပ်ရန် ဖိတ်ခေါ်လျက်၊ ဤလောက၏ စုံစမ်းသွေးဆောင်မှုများနှင့် ဖိစီးမှုဝန်ထုပ်များကြောင့် အာရုံမလွဲစေရန် ထပ်ခါထပ်ခါ သတိပေးထားသည်။

ကျွန်ုပ်တို့သည် ဘုရားသခင်အား ချစ်လျက် အပြည့်အဝယုံကြည်ကိုးစားမည်လား (သို့) မိမိစိတ်ကြိုက် အသက်ရှင်မည်လား။ ၎င်းသည် အသက်ရှင်ခြင်း နှင့် သေခြင်းကြား၊ ပျော်ရွှင်ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းကြား၊ ကောင်းချီး မင်္ဂလာနှင့် ကျိန်ခြင်းအမင်္ဂလာကြား ရွေးချယ်မှုပင်ဖြစ်ပြီး၊ ကျွန်ုပ်တို့၏ ဘဝ၌ ချမှတ်မည့်ဆုံးဖြတ်ချက်များတွင် အရေးကြီးဆုံးသောဆုံးဖြတ်ချက် ဖြစ်သည်။

 

<<<နောက်သို့