နေ့ – ၃
အသင်းတော်အတွက် စာစောင်များ ရောမသြဝါဒစာ မှ ဖိလေမုန်သြဝါဒစာအထိ ဖြတ်သန်းခြင်း
သခင်ဘုရားထံမှ စာစောင်များ
ဘုရားသခင်ဖွင့်ပြခြင်း၏ ရည်ရွယ်ချက်မှာ လူသားတို့၏ဘဝများကို ပြုပြင်ပြောင်းလဲရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ဖတ်ရှု ရုံမျှမဟုတ်၊ ကျမ်းစာကို ကိုယ်တိုင်တွေ့ကြုံခံစားလျက် ကျမ်းစာနှင့်ထိတွေ့ခြင်းက ကျွန်ုပ်တို့၏ အသက်တာများကို ပြောင်းလဲစေသင့်သည်။ အကယ်၍ သမ္မာကျမ်းစာက ကျွန်ုပ် တို့ကို မပြောင်းလဲစေပါက ကျွန်ုပ်တို့သမ္မာကျမ်းစာကို ချဉ်းကပ်ပုံ၌ တစ်ခုခု ဆိုးဆိုးရွားရွား လွဲမှားနေပြီဖြစ်သည်။ သမ္မာကျမ်းစာတွင် သင်နှင့် ကျွန်ုပ်တို့၏ အသက်ရှင်ပုံကို ပြောင်းလဲစေမည့် အသက်ရှင်သော သတင်းစကားပါရှိပြီး ရှင်သန်နေသောစာအုပ် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏အသက်ရှင်မှုကို ပြောင်းလဲစေရေး ကျမ်းစာတစ်အုပ်လုံးကိုလိုအပ်ပါသည်။ ယင်းကြောင့် နှုတ်ကပတ်တော် သမ္မာကျမ်းစာအတွင်း စွန့်စားဖြတ်သန်းခြင်း ဟူသည့် ကျမ်းစာတစ်အုပ်လုံးကို လေ့လာထားသည့်ဤစာအုပ်ကို ကျွန်ုပ်တို့ လေ့လာနေရခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်း၏ ရည်ရွယ်ချက်မှာ သမ္မာတရားအတွက် ကျွန်ုပ်တို့ကို ပြင်ဆင်ပေးသည်။ ဓမ္မသစ်ကျမ်း၏ ရည်ရွယ်ချက်မှာ ထိုသမ္မာတရားကို နားလည်စေရန်ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ခရစ်ဝင်ကျမ်းများနှင့် တမန်တော်ဝတ္ထုတို့က ယေရှုခရစ်တော်၏ပုဂ္ဂိုလ်တော်ဖြစ်ခြင်းနှင့် ကိုယ်တော်ပြုသောအမှုများကို သခင်၏ လောကီရုပ်ခန္ဓာနှင့်လည်းကောင်း၊ ယုံကြည်သူတည်းဟူသော သခင်၏ကိုယ်ခန္ဓာ အသင်းတော်နှင့်လည်းကောင်း နှစ်ခုလုံးဖြင့် ဖော်ပြထားပါသည်။ ယင်းနောက်တွင် ရှင်ပေါလု၏သြဝါဒစာ (သို့) ပေးစာ ၁၃ စောင် ရှိသည်။ ၎င်းတို့နောက်တွင် ဟေဗြဲသြဝါဒစာနှင့် ရှင်ယာကုပ်၊ ရှင်ပေတရု၊ ရှင်ယောဟန်နှင့် ရှင်ယုဒတို့၏ စာစောင်များပါရှိပါသည်။ ဤစာစောင်များမှာ ယေရှုခရစ်တော်နှင့် ခရစ်ယာန် အသက်ရှင်မှုပုံစံတို့ကို ရှင်းပြထားပါသည်။ နောက်ဆုံးတွင် သမ္မာကျမ်းစာ၏နောက်ဆုံးစာစောင်ဖြစ်သည့် ဗျာဒိတ်ကျမ်း ရောက်ရှိလာပါသည်။ ၎င်းသည် ခေတ်သမိုင်း၏ နိဂုံးအကြောင်းနှင့် ဘုရားသခင့်အကြံတော်၏ အထွတ်အထိပ် ဖြစ်သည်သာမက ရှင်ပြန်ထမြောက်သောသခင်ဘုရားက ကျွန်ုပ်တို့ထံရေးသား သောစာများလည်းပါဝင်သည်။ ၎င်းစာမှာ ပထမရာစုအသင်းတော်များသို့ ရေးသောစာ ၇ စောင် ဖြစ်သည်။
ဓမ္မသစ်ကျမ်း၌ အများဆုံးနေရာယူထားသော သြဝါဒစာစောင်များသည် တစ်စုံတစ်ရာအတွက် ကြိုတင်ပြင်ဆင်မှုများ (သို့) အနာဂတ္တိစကားများ၊ ပြည့်စုံ မှုများအကြောင်း မဟုတ်ဘဲ၊ အတွေ့အကြုံများအကြောင်းဖြစ်သည်။ ဤစာစောင် များသည် ခရစ်ယာန်အသက်တာကို ခိုင်မြဲစေသည့် မူလီခေါင်းနှင့်မူလီများဖြစ်ပြီး ခရစ်တော်နှင့် ခရစ်ယာန်အသက်တာ၏ လျှို့ဝှက်နက်နဲမှုကို ချုပ်ကိုင်ထားသော၊ မည်သည့်စိတ်နှလုံးမှ မဖမ်းဆုပ်နိုင်သော ခရစ်တော်၏ နက်ရှိုင်းမှုများကို ဖော်ပြသည်။ ထိုနက်နဲမှုကို ကျွန်ုပ်တို့ဖမ်းကိုင်ပြီး မည်သို့ပင် ဖြစ်ဖြစ် နောက်တော်သို့လိုက်လျှောက်ရန်ဖြစ်သည်။ တမန်တော်များရေးသားသော ဤစာစောင်များအားဖြင့် (စာစောင်အများစုကို ရှင်ပေါလုရေးသည်) သန့်ရှင်းသော ဝိညာဉ်တော်က သခင်ယေရှုခရစ်တော်ကို သိကျွမ်းရန်နှင့် နက်နဲသော သမ္မာတရားအား မည်သို့စူးစမ်းရှာဖွေလေ့လာရမည်ကို ပြသနေပါသည်။
သြဝါဒစာစောင်များတွင် အုပ်စု ၃ ခု ရှိပါသည်။ ပထမအုပ်စုတွင် ရောမသြဝါဒစာ၊ ကောရိန္သုသြဝါဒစာပထမစောင်၊ ဒုတိယစောင်နှင့် ဂလာတိသြဝါဒစာတို့ကို သင်တို့၌ရှိသောခရစ်တော် ဟူသော ခေါင်းစဉ်အောက်၌ စုစည်းထားပါသည်။ သင်တို့၌ရှိသောခရစ်တော်၊ ဘုန်းအသရေကို မျှော်လင့်ခြင်းဟူသောစကားစုကို ကော ၁:၂၇တွင် တွေ့ရသော်လည်း ဤစကားစုမှာ အမှန်တွင် ရောမသြဝါဒစာ မှ ဂလာတိသြဝါဒစာအထိ ပထမအုပ်စု၏ ခေါင်းစဉ်ဖြစ်ပြီး ခရစ်ယာန်အသက်တာကို ပြောင်းလဲစေသော နိယာမပင်ဖြစ်သည်။ ထိုခေါင်းစဉ်သည် ခရစ်ယာန်များကို ကမ္ဘာပေါ်ရှိ အခြားလူသားများနှင့် ခြားနားစေသော၊ ခရစ်တော်ကျွန်ုပ်တို့အထဲ၌ ရှိနေခြင်းအကြောင်းဖြစ်သည်။ အထက်ဖော်ပြပါသြဝါဒစာ ၄ စောင်က ဤခေါင်းစဉ်ကို ဖော်ဆောင်သွားပါသည်။
ဒုတိယအုပ်စုတွင် ဧဖက်သြဝါဒစာ၊ ဖိလိပ္ပိသြဝါဒစာ၊ ကောလောသဲသြဝါဒစာ၊ သက်သာလောနိတ်သြဝါဒစာ ပထမစောင်နှင့် ဒုတိယစောင်၊ တိမောသေသြဝါဒစာပထမစောင်နှင့် ဒုတိယစောင်၊ တိတုသြဝါဒစာနှင့် ဖိလေမုန်သြဝါဒစာဟူ၍ ၉ စောင် ပါဝင်သည်။ ဤစာစောင်များအားလုံးသည် ခရစ်တော်၌ရှိသောသင်တို့ – အသင်းတော်တည်းဟူသော ခရစ်တော်၏ခန္ဓာရှိ အခြားသူများနှင့် သင့်အသက်တာဆက်နွယ်မှုဟူသော ခေါင်းစဉ်အောက်၌ ရှိပါသည်။ ဤနေရာတွင် အသင်းတော်၏ကဏ္ဍ ထင်ရှားပေါ်လွင်လာသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ခရစ်ယာန်အသက်တာကို တစ်ဦးချင်းရှင်သန်ရန် မဟုတ်ကြောင်း အဓိကအချက်ဖြစ်သည်။
ဟေဗြဲသြဝါဒစာ၊ ရှင်ယာကုပ်သြဝါဒစာ၊ ရှင်ပေတရုသြဝါဒစာ ပထမစောင်နှင့် ဒုတိယစောင်၊ ရှင်ယောဟန်သြဝါဒစာ ပထမစောင်မှ တတိယစောင်နှင့် ရှင်ယုဒသြဝါဒစာစောင်ဟူသော စာစောင် ၈ စောင် ပါဝင်သည့်နောက်ဆုံးအုပ်စုသည် ယုံကြည်ခြင်းဖြင့် မည်သို့လျှောက်လှမ်းမည်နည်း ဟူသော ခေါင်းစဉ်အောက်၌ စုစည်းထားကြောင်း တွေ့ရမည်။
ထို့ကြောင့် ဤမျှ ကြီးမားကျယ်ပြန့်သော သြဝါဒစာစောင်များကို ကျွန်ုပ်တို့ရရှိထားပြီး လက်တွေ့အတွေ့အကြုံအားဖြင့် ဘုရားသခင်၏ တန်ခိုးကြီးမားသောသမ္မာတရားကိုရယူရန်ဖြစ်သည်။ သင်တို့၌ရှိသောခရစ်တော် ဟူသည့် ခေါင်းစဉ်အောက်၌ ရောမ သြဝါဒစာ၊ ကောရိနသုသြဝါဒစာပထမစောင်နှင့် ဒုတိယစောင်၊ ဂလာတိသြဝါဒစာ တို့ကို စုစည်းထားသည်။ ရောမသြဝါဒစာ ပထမဆုံးဖြစ်ရခြင်းမှာ ပထမဆုံး ရေးသားခြင်းကြောင့်မဟုတ်ဘဲ ဓမ္မသစ်ကျမ်း၏ အခြေခံကျသောစာစောင် ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ဤကျမ်းစာစောင်တွင် ကယ်တင်ခြင်းအကြောင်းကို အစမှအဆုံး အပြည့်အစုံဆုံး ဖော်ပြထားကြောင်း တွေ့ရမည်ဖြစ်သည်။ လူတစ်ဦးချင်းစီအတွက်၊ လူသားမျိုးနွယ် တစ်ခုလုံးအတွက် ဘုရားသခင်သည် မည်သည့်အမှုများကို လုပ်ဆောင်ပေးခဲ့ကြောင်းသိလိုပါက ရောမသြဝါဒစာကို ပိုင်နိုင်ရန် လိုပါသည်။
ဤကျမ်းစောင်ကို သင်လေ့လာသည်နှင့် ကယ်တင်ခြင်းသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ ၃ ပါးဖြင့် တိုးတက်ဖြစ်ပေါ်လာကြောင်းတွေ့ရမည်။
အတိတ်ကာလ- သခင်ယေရှုကို ကျွန်ုပ်ယုံကြည်ခဲ့စဉ်က ကယ်တင်ခြင်းခံခဲ့ရသည်။
ပစ္စုပ္ပန်ကာလ – လက်ရှိ ကျွန်ုပ်၏အသက်တာ၌ သခင်ယေရှုခရစ်တော်၏ ဝိသေသလက္ခဏာသဘောတော်များ ယခုပေါ်လွင်ထင်ရှားလာသည့်အလျောက် ကျွန်ုပ် ကယ်တင်ခြင်းခံနေရသည်။
အနာဂတ်ကာလ- နောက်ဆုံး ရှင်ပြန်ထမြောက်သော အသက်တာ၌ ဘုန်းအသရေနှင့်ပြည့်စုံသော ဝိညာဏခန္ဓာဖြင့်၊ ဘုရားသခင့်သားတော်ရှေ့၌ ရပ်လျက်၊ ဘုရားသခင်၏ သမ္မာတရားပြည့်စုံခြင်းသို့ဝင်စား၍ ကယ်တင်ခြင်း ရရှိမည်ဖြစ်သည်။
သမ္မာကျမ်းစာကို အတိုင်းအတာတစ်ခုအထိ လေ့လာခဲ့ပြီးသူများနှင့် ရင်းနှီးသော ကယ်တင်ခြင်း၏ ဤကာလ ၃ ပါးကို စကားလုံး ၃ လုံးဖြင့် ဖော်ပြနိုင်ပါသည်။
ပထမစကားလုံးမှာ “ဖြောင့်မတ်ရာ၌တည်ခြင်း” ဖြစ်ပြီး၊ အတိတ် ကာလနှင့်ဆိုင်ပါသည်။ သခင်ယေရှုကို ကျွန်ုပ်တို့ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာ သို့ရောက်ပါသည်။ “ဖြောင့်မတ်ရာ၌တည်ခြင်း”ဟူသည်မှာ သခင်ယေရှုသည် ကျွန်ုပ်တို့အသက်တာအတွင်း ဝင်ရောက်လာသောအခါ ဘုရားသခင်ရှေ့၌ ရပ်တည်နိုင်သော ဖြောင့်မတ်ခြင်း၊ တစ်ခါမျှ အပြစ်မပြုဖူးသကဲ့သို့ အမဲစက် (သို့) အစွန်းအထင်းမရှိသော အခြေအနေတစ်ရပ်ဖြစ်သည်။
ဒုတိယစကားလုံးမှာ ပစ္စုပ္ပန်ကာလနှင့်ဆိုင်ပြီး နားလည်မှုအလွန်လွဲ ကြသော “သန့်ရှင်းစင်ကြယ်စေခြင်း” ဟူသော စကားလုံးဖြစ်သည်။ Oswald Chambers က သခင်ယေရှု၏ လက္ခဏာနှင့် ပြီးပြည့်စုံခြင်းတို့သည် လူသားကိုယ်ရည်ကိုယ်သွေးအားဖြင့် ပေါ်လွင်ထင်ရှားခြင်း- သန့်ရှင်းစင်ကြယ်ခြင်း ဖြစ်သည်။ ၎င်းသည် သန့်ရှင်းစင်ကြယ်ခြင်းအတွက် ကောင်းမွန်သော အဓိပ္ပာယ် ဖွင့်ဆိုချက်ဖြစ်ပြီး ခရစ်တော်နှင့်ပို၍/သာ၍ တူစေသော ဖြစ်စဉ်တစ်ခုဖြစ်သည်။
တတိယစကားလုံးမှာ အနာဂတ်ကာလနှင့်ဆိုင်ပြီး “ဘုန်းအသရေ ထင်ရှားခြင်း” ဖြစ်သည်။ ထာဝရကာလ၌ ခရစ်တော်ဘုရား၏ရှေ့တော်မှောက် တွင်ရပ်စဉ် ဤပြောင်းလဲမှု ပြည့်စုံသွားခြင်းဖြစ်သည်။
ကောရိန္သုသြဝါဒစာပထမစောင်သည် ဆန့်ကျင်ဘက်ဖြစ်သည့် ဇာတိ သဘောနှင့် ဝိညာဉ်သဘောကိုဖော်ပြသည်။ ၎င်းသည် ဇာတိအတိုင်း အသက်ရှင်ခြင်းနှင့် ဘုရားသခင့်ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်ခြင်း၏ ခြားနားမှုဖြစ်သည်။ ရှေ့ဦးစွာ ဇာတိပကတိအကြောင်းကို လေ့လာပါမည်။
ကောရိန္သုသြဝါဒစာပထမစောင်ကို ဖတ်ကြည့်ပါက ကျွန်ုပ်၏ဆိုလိုရင်းကို သိလာမည်ဖြစ်သည်။ အလွန်ရှုပ်ထွေးပါသည်။ ဤနေရာ၌ လူတို့အား အဖွဲ့ငယ်လေးများ၊အုပ်စုလေးများအဖြစ် ကွဲပြားနေသည်။ တစ်ဦး၏လည်ပင်းကို တစ်ဦးဆွဲကာတရားရုံးရှေ့ဆွဲခေါ်ခြင်း၊ တစ်ဦး၏အတင်းကို တစ်ဦးပြောခြင်း၊ တစ်ဦးကိုတစ်ဦးအားလျော့စေခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းနှင့် သခင်ဘုရား၏ စားပွဲ၌ပင် ယစ်မူးခြင်းတို့ဖြင့် အတောမသတ်နိုင် ကွဲပြားနေခြင်းဖြစ်သည်။ ရှက်စရာအကောင်းဆုံးမှာ မိမိတို့ကိုယ်ကို ကြွားဝါခြင်းသဘောများ ကောရိန္သုအသင်းတော်တွင် အထင်အရှားပေါ်လွင်နေသည်။ ကောရိနသုသြဝါဒစာပထမစောင်တွင် ဝိညာဉ်သဘောမရှိ၊ ဇာတိသဘောနှင့် အသက်ရှင်ခြင်းသည် ယေရှုခရစ်တော်နှင့် ကျွန်ုပ်တို့၏ မိတ်သဟာယပျက်ပြားခြင်းကြောင့်ဖြစ်သည်ဟု ရှင်ပေါလုဆိုသည်။ ခရစ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်းက ဝိညာဉ်သဘောကို ဖြစ်ပွားစေခြင်းကြောင့် ကျွန်ုပ်တို့သည် ရှင်ပြန်ထမြောက်ခြင်းတန်ခိုးဖြင့် ရှင်ပြန်ထမြောက်သော အသက်တာကို က်လှမ်းနိုင်မည်ဖြစ်ကြောင်း ဖော်ပြသည်။
ကောရိန္သုသြဝါဒစာဒုတိယစောင်သည် ဖိစီးမှုအောက်တွင် ခရစ်ယာန်တို့၏အောင်မြင်ခြင်းကို လက်တွေ့သရုပ်ဖော် ပြသနေပါသည်။ စုံစမ်းခြင်းနှင့်အောင်မြင်ခြင်းများ၊ ဘဝအသက်တာ၏ အဆုံးစွန်ကြမ်းတမ်းမှု၌ အောင်မြင်ခြင်းအကြောင်းများ အဓိကပါဝင်သည့် သြဝါဒစာစောင်ဖြစ်သည်။ ဤကျမ်းစောင်၏အဓိကအချက်ကို ၂ကော ၂း၁၄ တွင် တွေ့ရသည်။
“ငါတို့သည် ခရစ်တော်နှင့်အတူ အောင်ပွဲကိုအစဉ်ခံစေခြင်းငှာ ထိုသခင်ကိုသိခြင်း၏ အမွှေးအကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှာလည်းကောင်း ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းရှိစေသတည်း။”
ဤအုပ်စု၏ နောက်ဆုံးစာစောင်ဖြစ်သော ဂလာတိသြဝါဒစာတွင်ရှင်ပေါလုက ကျွန်ုပ်တို့နိုးထလျက် လက်တွေ့အသက်ရှင်လုပ်ဆောင်ရန် လှုံ့ဆော်ပေးသည်။ ဤစာစောင်သည် ဓမ္မသစ်ကျမ်း၌ အပြင်းထန်ဆုံးစာစောင်ဖြစ်သည်။ အကြောင်းမှာ ရှင်ပေါလုစိတ်ဆိုးသောကြောင့်ဖြစ်သည်။ သူသည် သိသိသာသာစိတ်ဆိုးနေသည်မှာ သေချာသည်။ ဂလာတိရှိခရစ်ယာန်များနှင့်ပတ်သက်၍ အလွန်စက်ဆုပ်နေပြီး ၎င်းတို့ကို ဆုံးမပြောဆိုရန်လည်း တုံ့ဆိုင်းခြင်းမရှိပေ။ ၎င်းတို့သည် မိမိတို့သေချာစွာနားလည်နေသော သမ္မာတရားမှ အလွယ်တကူ သွေဖည်ကာ မိမိတို့ကိုယ်ကို အားနည်းစေမည့်၊ ဇာတိသဘော ခရစ်ယာန်အဖြစ်သို့ ပြောင်းလဲစေမည့် သွန်သင်ချက်များကို ခံယူကြသည်။ ထိုသို့ ၎င်းတို့၏ ခွန်အားကို စုပ်ယူချိနဲ့စေခြင်းကြောင့် ရှင်ပေါလု စိတ်မထိန်းနိုင်ဖြစ်ရသည်။ ဤဂလာတိသြဝါဒစာ၏ အဓိကခေါင်းစဉ်မှာ “လွတ်လပ်ခြင်း” – ခရစ်တော်၌ လွတ်မြောက်ခြင်း ဖြစ်သည်။ ဤအဓိကဆောင်ပုဒ်ကို ဂလာတိ ၅:၁ တွင် တွေ့ရမည်ဖြစ်သည်။
၎င်းသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ဝ၀ ကျော်က အသင်းတော်ကို အကြိမ်ပေါင်းများစွာ ချုပ်နှောင်ထားသော၊ အသက်မဲ့သော ပညတ်တရားတို့အတွက် အဖြေဖြစ်သည်။ ဇာတိပကတိသဘောက အပြစ်၊ စီရင်ခံရမှုနှင့် ကျဆုံးမှု ဖြစ်စေသည်။ သို့သော် ဘုရားသခင်၏ ဝိညာဉ်တော်ကမူ အသက်နှင့်လွတ်မြောက်ခြင်းကိုပေးသည်။ ဂလာတိသြဝါဒစာ ဖတ်ရှုရခြင်းကို ကျွန်ုပ် နှစ်သက်သည်။ ဂလာတိသြဝါဒစာကို သင်ဖတ်သည်နှင့် ခရစ်ယာန်များအား ပညတ်တရား၏ အချုပ်အနှောင်မှ လွတ်မြောက်စေ၍ ဘုရားသခင့်ဝိညာဉ်တော်၏ကြွယ်ဝပြည့်စုံမှုကို ခံစားစေလိုသော မေတ္တာမီးလျှံသည် တမန်တော်၏နှလုံးသား၌ ပြင်းထန်စွာတောက်လောင်နေကြောင်း တွေ့ရမည်။
ရောမသြဝါဒစာမှ ဂလာတိသြဝါဒစာအထိသည် “သင်၌ရှိသော ခရစ်တော်” ဟူသည့် အဓိကအချက်ကို ဖော်ပြနေသည်။ ၎င်းသည် လူ့စိတ်နှလုံး၌ အစဉ်တွေးတောနေသော အဓိကဆောင်ပုဒ်ဖြစ်ပြီး အသက်ရှင်သောဘုရား၊ စကြဝဠာတစ်ခုလုံး၏ ဖန်ဆင်းရှင်သည် ၎င်း၏ အကန့်အသတ်မဲ့သော အသက်ကို ကျွန်ုပ်တို့အတွင်းနှင့် ကျွန်ုပ်တို့အားဖြင့် ရှင်သန်နေခြင်းသည် မည်သည့်အဓိပ္ပာယ်ရှိကြောင်း ဖော်ပြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွင်း၌ အသက်ရှင်သည်နှင့်အညီ ထိုက်တန်သော ဘဝအသက်ရှင်မှု ပုံစံဖြင့်ရှင်သန်ရန် အခြေခံအကြောင်းတရားများကို ဆက်လက်ဖော်ပြပါမည်။ ဤအပိုင်း၏ခေါင်းစီးကို “ခရစ်တော်၌ရှိသော သင်” ဟု ကျွန်ုပ်ခေါ်တွင်ပါသည်။
ဖွင့်ပြခြင်းများ၏ ရည်ရွယ်ချက်၊ သမ္မာကျမ်းတစ်ခုလုံး၏ ရည်ရွယ်ချက် ကို ဧဖက် ၄ တွင် ရှင်ပေါလုဖော်ပြသည့် ပန်းတိုင်အားဖြင့် တွေ့ရသည်။
“ခရစ်တော်၏ကိုယ်တော်ကို တည်ဆောက်၍ ဓမ္မဆရာ၏အမှုကိုပြုတတ်မည်အကြောင်း သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှာထိုသခင်သည် လူအချို့တို့ကို သာသနာပြုအရာ၌ လည်းကောင်း၊ အချို့ တို့ကို သင်းအုပ်ဆရာ အရာ၌လည်းကောင်း ခန့်ထားတော်မူ၏။ ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့လည်းကောင်း၊ တညီတညွတ်တည်း ရောက်၍ ခရစ်တော်၏ပြည့်စုံခြင်း ပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ ရောက်ကြသည်တိုင်အောင်ဖြစ်သတည်း။” (၄:၁၁-၁၃)
ဘုရားသခင်က ကျွန်ုပ်တို့အား ခရစ်တော်၌ ရင့်ကျက်သောသူများ ဖြစ်စေလိုသည်။ ဘုရားကျောင်းလာတက်ရုံတက်သူများ၏ အခန်းကဏ္ဍကို ဖော်ဆောင်ရန် ဘုရားရှင် စိတ်မဝင်စားပါ။ ဘုရားသခင်၏ နိုင်ငံတော်အတွက် တိုက်ပွဲဝင်ရန် မိမိတို့ခန္ဓာများကို ဝမ်းမြောက်စွာ ပေးဆပ်သောယုံကြည်သူများ၊ ဆက်ကပ်လုပ်ဆောင်သူများ၊ ရဲရင့်သူများ၊ မေတ္တာတရားနှင့် စိတ်အားထက်သန်မှု ရှိသော လူယောကျာ်း၊ မိန်းမများကိုသာ လိုအပ်ပါသည်။ အပြောင်းအလဲလုပ်ရန် မကြောက်သူ၊ လှုပ်ရှားတိုးတက်ရေးအတွက် ဆက်ကပ်လုပ်ဆောင်သူများကို လိုအပ်ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့အများစုက ခရစ်ယာန်တို့၏ အဓိကဆောင်ပုဒ်သည် “ကောင်းချီးမင်္ဂလာဖြစ်စေ၊ ပူဆွေးခြင်းဖြစ်စေ၊ မည်သို့ပင်ဖြစ်ဖြစ် ကျွန်ုပ်တို့၏ အခြေအနေမှာ နေမြဲပါ” ဟု ထင်ကြသည်။ သို့သော် “ပိုနေမြဲ ကျားနေမြဲ” အခြေအနေသည် အသက်တာ၏ နောက်ဆုံးတွင် ရှိရန် ဘုရားသခင်လိုလားသည်။ ထို့ကြောင့် ဧဖက်သြဝါဒစာမှ ဖိလေမုန် သြဝါဒစာအထိ ဘုရားရှင် ကျွန်ုပ်တို့ကို ပေးထားခြင်းဖြစ်သည်။
ဤသြဝါဒစာအုပ်စုသည် “ခရစ်တော်၌ရှိသော သင်” ဟူသည့် အဓိက ဆိုလိုရင်း ခေါင်းစဉ်ကို ဦးတည်ဖော်ပြနေပါသည်။ ယော ၁၄:၂၀ တွင် သခင်ယေရှုက “သင်တို့သည် ငါ၌ရှိသည်။ ငါသည် သင်တို့၌ရှိသည်” ဟူသော ပုံစံကို အသုံးပြုခဲ့သည်။ [ကျွန်ုပ်တို့အတွင်း၌ရှိသောခရစ်တော်] အကြောင်း ပြောမည်ဆိုပါက ဝိညာဉ်တော်ကျိန်းဝပ်သော အသက်တာ – ဝိညာဉ်တော်နှင့် လျှောက်လှမ်းခြင်းကို ရည်ညွှန်းသည်။ ခရစ်တော်၌ရှိသော ကျွန်ုပ်တို့ အကြောင်းဆိုပါက ခရစ်တော်၏ခန္ဓာ(အသင်းတော်)နှင့် ကျွန်ုပ်တို့၏ဆက်နွယ်မှု- ခရစ်တော်ခန္ဓာ၏ အစိတ်အပိုင်းများဖြစ်ခြင်းကို ရည်ညွှန်းသည်။ ကျွန်ုပ်တို့ အသက်တာသည် ခရစ်တော်၏ခန္ဓာ၌ ပြည့်စုံသောအသက်တာအဖြစ် ပေါင်းစပ် ပါဝင်နေခြင်းဖြစ်သည်။ကျွန်ုပ်တို့သည် တစ်ဦးချင်း ခရစ်ယာန်များဖြစ်နေခြင်းမဟုတ်ဘဲ စုပေါင်းတည်ရှိခြင်းမျိုးဖြစ်ကြောင်း မကြာမီတွေ့ရှိလာမည်ဖြစ်သည်။ ခရစ်တော်နှင့်စပ်ဆိုင်သကဲ့သို့ တစ်ဦးနှင့်တစ်ဦးလည်း စပ်ဆိုင်ပါသည်။ မိမိဘာသာမိမိအားဖြင့် ကျွန်ုပ်တို့၏ ခရစ်ယာန်အသက်တာသည် အပြည့်အဝတိုးတက်ပြည့်စုံလာမည် မဟုတ်ပါ။ ခရစ်တော်၏ခန္ဓာ၌ ကျွန်ုပ်တို့တစ်ဦးကိုတစ်ဦး လိုအပ်ပါသည်။
“ခရစ်တော်၌ ရှိသောသင်တို့” ဟူသော အပိုင်း၌ ပါဝင်သော သြဝါဒ စာစောင်များမှာ ဧဖက်၊ ဖိလိပ္ပိ၊ ကောလောသဲ၊ သက်သာလောနိတ်ပထမစောင်နှင့် ဒုတိယစောင်၊ တိမောသေ ပထမစောင်နှင့် ဒုတိယစောင်၊ တိတုနှင့် ဖိလေမုန်သြဝါဒစာ တို့ဖြစ်ပါသည်။ ၎င်းသည် ဆရာဝန်တစ်ဦး၏ စာကြည့်တိုက်အတွင်းရှိ အကောင်းဆုံးစာအုပ်များနှင့် တူပါသည်။ မည်သည့်ဆရာဝန် မဆို ၎င်း၏စာကြည့်တိုက်၌ ဇီဝကမ္မဗေဒ – လူသား၏ခန္ဓာကိုလေ့လာသော သိပ္ပံဘာသာရပ်နှင့်ဆိုင်သော စာအုပ်များကို တွေ့ရမည်။ ဧဖက်သြဝါဒစာသည် ခရစ်တော်ခန္ဓာ၏ သဘောသဘာဝကို သေချာစွာလေ့လာထားသော ကျမ်းစောင်ဖြစ်သည်။
ခရစ်တော်၏ကိုယ်ခန္ဓာရှိ ရောဂါများကို ကုသပေးသည့် ရောဂါ ဗေဒဆိုင်ရာ ဓမ္မသစ်ကျမ်းစောင်မှာ ဖိလိပ္ပိသြဝါဒစာဖြစ်သည်။ ဤစာစောင်တွင် ရှင်ပေါလုက ခန္ဓာ၏ကျန်းမာရေးကို ခြိမ်းခြောက်လာသော ရောဂါများနှင့် ပြဿနာများကို အလွန်လက်တွေ့ကျသောနည်းလမ်းဖြင့် ဖော်ပြထားသည်။ ဖိလိပ္ပိသြဝါဒစာကို ဖတ်ကြည့်ပါက ပထမရာစု အသင်းတော်ကို ဒုက္ခပေးခဲ့သောရောဂါများမှာ ယနေ့အသင်းတော်ရှိ ရောဂါများနှင့် အတူတူပင်ဖြစ်ကြောင်း တွေ့ရမည်။ အကယ်၍ သင်၏ ဘုရားတရားဝိညာဉ်ဆိုင်ရာ ကျန်းမာမှုကို ဖိအားများ၊ စိတ်ပျက်အားလျော့မှုများ၊ ပင်ပန်းမှုနှင့် နာကျင်မှုများက နှောင့်ယှက်လာကြောင်း တွေ့ရပါက ကုသရန် ဖိလိပ္ပိသြဝါဒစာကို ဖတ်ရှုပါ။ အခြားခရစ်ယာန်များနှင့် ပဋိပက္ခဖြစ်ပါက (သို့) အသင်းတော်အတွင်းရှိ တစ်ဦးဦးက တစ်နည်းနည်းဖြင့် သင့်ကိုနာကျင်စေပါက ဖိလိပ္ပိသြဝါဒစာကိုဖတ်ပါ။ အကယ်၍ ဝိညာဉ်ရေးဆိုင်ရာ အသစ်သော သွန်သင်ခြင်း၏ ဆွဲခေါ်ခြင်းကို ခံရလျက် ၎င်းသည် ဘုရားသခင်ထံမှလာခြင်းလား၊ လှည့်ဖြားခြင်းလားဟု အတွေးဝင်မိပါက ဖိလိပ္ပိသြဝါဒစာကို လေ့လာပါ။
အသက်တာကို အခြေခံကျကျလေ့လာခြင်း၊ ခန္ဓာ၏ကလပ်စည်းများ ရှင်သန်မှုနှင့် လုပ်ဆောင်မှုများကို မည်သည်က ပြုလုပ်သည်ကိုဖော်ပြသည့် ဓမ္မသစ်ကျမ်းဆိုင်ရာ ဇီဝဗေဒစာအုပ်မှာ ကောလောသဲသြဝါဒစာဖြစ်သည်။ ခရစ်တော်၏ခန္ဓာကို မည်သည့်အရာက အစွမ်းတန်ခိုးပေးပြီး ရှင်သန်စေသည်ကိုဤစာစောင်၌တွေ့ရမည်။ ခရစ်ယာန်များကို အတူစုစည်းဖွဲ့နှောင်ထားသောအင်အားစုကို ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိနိုင်ပါသည်။
ကောင်းမွန်သော စိတ်ကျန်းမာရေးအတွက် သက်သာလောနိတ်သို့ ရေးသော သြဝါဒစာနှစ်စောင်ရှိသည်။ ခရစ်တော်၏ခန္ဓာတော်အတွင်း စိတ်ဓာတ် ကျဆင်းမှုနှင့် စိတ်ပျက်အားလျော့ခြင်းကို မည်သို့ပြုစုကုသရမည်ကို ဤကျမ်းစောင်များက ရှင်းပြနေပါသည်။ အကယ်၍ သင်၏လက်ရှိအခြေအနေအပေါ် အကောင်းမမြင်နိုင်ဘဲ ဒုက္ခဝေဒနာ ခံစားနေရပါက၊ (သက်သာလောနိတ်ရှိ ခရစ်ယာန်များကဲ့သို့) ဝမ်းနည်းမှု (သို့) ကြောက်ရွံ့မှုတို့ ရှိနေပါက၊ သက်သာလောနိတ်သြဝါဒစာကို ဖတ်ရှုလေ့လာပါ။ ဤကျမ်းစာများက အနာဂတ်ကိုမျှော်ကြည့်၍ ခရစ်တော်ဒုတိယအကြိမ် ကြွလာမည်မှာ သေချာကြောင်း ဖော်ပြထားပါသည်။ ရှင်ပေါလုက ခရစ်တော်ပြန်လည့်ကြည့်လာခြင်းကို လွတ်သွားမည်ဟုယုံနေပြီး ကြောက်ရွံ့၊ စိတ်ဓာတ်ကျ၊ ဝမ်းနည်းနေသူများ၊ ချစ်ခင်သူများ သေဆုံးခြင်းကြောင့် ဝမ်းနည်းနေသူများထံ ရေးသားလိုက်ခြင်းဖြစ်သည်။ သခင်ယေရှုပြန်လာချိန်၌ မည်သည့်ယုံကြည်သူတစ်ဦးတစ်ယောက်မျှ လွတ်သွားမည်မဟုတ်။ အသင်းတော်တစ်ခုလုံးသည် ခရစ်တော်နှင့်အတူတကွရှိနေမည်ဖြစ်ကြောင်း ၎င်းတို့ကို ရှင်ပေါလုက သိစေလိုသည်။ သက်သာလောနိတ်သြဝါဒစာ ပထမစောင်နှင့် ဒုတိယစောင်၏ အဓိကအချက်ကို ၁ သက် ၅:၂၃ တွင် တွေ့ရသည်။
“ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင် ကိုယ်တော်တိုင်လည်း သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူပါစေသော။ ငါတို့ သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ စောင့်မ တော်မူပါစေသော။”
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ငြိမ်သက်ခြင်းပေးလိုကြောင်း သတိ ပြုပါ။ ကျွန်ုပ်တို့၏ ခန္ဓာ၊ ဝိညာဉ်သာမက၊ စိတ်၊ စိတ်လှုပ်ရှားမှုဆိုင်ရာ ဖြစ်တည် မှုအားလုံးတို့ ပြည့်ဝအပြစ်ကင်းခြင်းကို ကိုယ်တော်လိုလားပါသည်။ ဤသည်မှာ သက်သာလောနိတ်သြဝါဒစာနှစ်စောင်၏ အရေးပါမှု အနှစ်သာရပင်ဖြစ်သည်။
ရှင်ပေါလုသည် သူ့ခရီးစဉ်များ၌ အဖော်ပြုလိုက်ပါခဲ့သော လူငယ်လေး တိမောသေထံရေးသည့် ကျမ်းနှစ်စောင်တွင် အာရုံကြောနှင့်ဆိုင်သော ဓမ္မသစ်ကျမ်း၏ အာရုံကြောစနစ်ကို သိပ္ပံနည်းကျ လေ့လာထားသည်။ ဘုရားသခင်သည် အထူးဝိညာဉ်ဆုကျေးဇူးကို လူအပေါင်းတို့အားပေးအပ်ပြီး တမန်တော်များ၊ ပရောဖက်များ၊ ဧဝံဂေလိပြုသူများ၊ သင်းအုပ်ဆရာများအဖြစ် ခရစ်တော်၏ ခန္ဓာတော်၌ ပင်မအာရုံကြောများ၊ လမ်းကြောင်းများ၊ ခန္ဓာကိုလှုံ့ဆော်သည့် အပိုင်းများအနေဖြင့် သတင်းအချက်အလက်များကို ဦးခေါင်းမှခန္ဓာအထိ သယ်ဆောင်ပေးရန် အသင်းတော်၌ ခန့်အပ်ထားသည်။ ၎င်းတို့သည် ယုံကြည်သူများကို တည်ဆောက်ပေးခြင်းဖြင့် သာသနာကို ဆက်လက်လုပ်ဆောင် စေမည်ဟု ရှင်ပေါလု၏မိန့်ကြားချက်ကို ဧဖက် ၄ တွင် တွေ့ရသည်။ အသင်းတော်အတွက်ပေးသော ဆုကျေးဇူးများအနက် တစ်ခုမှာ တိမောသေအမည်ရှိသည့် လူငယ်လေးဖြစ်သည်။ ကိုယ်ခန္ဓာတော်ကို မည်သို့တက်ကြွစေရမည်၊ အသက်သွင်းရမည်၊ ဆော်သြစည်းရုံးရမည်၊ ခေါင်းဆောင်များကို မည်သို့ညွှန်ကြားရမည်၊ လိုအပ်ပါက မည်သို့ စူးစမ်း၊ စေ့ဆော်၊ အမှားပြင်၊ ပြစ်တင်မောင်းမဲရမည် စသည့် အထူးညွှန်ကြားချက်များကို တိမောသေ၏ အသက်တာ၌ ရင်းနှီးမြှုပ်နှံထားသည်။ တိမောသေသြဝါဒစာပထမစာစောင်မှာ ပြင်းထန်သောအခြေအနေ၌ အမှုတော်ဆောင်ရသော သင်းအုပ်ငယ်လေးအတွက် အားပေးမှုနှင့် ညွှန်ကြားချက်ဆိုင်ရာ သတင်းစကားများဖြစ်ပြီး၊ ဒုတိယစာစောင်တွင် အသင်းတော်၏အသက်နှင့် ရှင်သန်မှုကို ဆုံးရှုံးစေမည့် ကြီးထွားလာသည့် အယူလွဲမှုများကို ထိန်းသိမ်းပေးမည့် အထူးညွှန်ကြားချက်များကို ဖော်ပြထားပါသည်။
တိတုသြဝါဒစာစောင်သို့ ရောက်လာသောအခါ ခန္ဓာ၏လုပ်ဆောင်မှု များနှင့်ဆိုင်သော ဆွေးနွေးမှုများကိုတွေ့ရသည်။ သို့သော် ဤနေရာ၌ ခန္ဓာ၏အာရုံကြောစနစ်ကို အလေးပေးခြင်းမရှိဘဲ ခန္ဓာကိုယ်၏ ကြွက်သားများ တောင့်တင်းကြံ့ခိုင်ခြင်းအပေါ်၌ အလေးထားသည်။ တိတုသြဝါဒစာစောင်အား ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ အထွေထွေကြံ့ခိုင်မှုနှင့်ဆိုင်သော ကျမ်းစောင်အဖြစ် တွေ့ရမည်။ တိုက်ခိုက်ရေးအတွက် ခန္ဓာကိုယ်ကို စည်းကမ်းပေးလေ့ကျင့်မှု ပုံမှန်ရှိမည်ဟူသောအချက်အပေါ်၌ အခြေခံထားခြင်းမျိုးဖြစ်သည်။ ဤကျမ်းစောင်၏အဓိကအချက်ဖြစ်သော စည်းကမ်းကြပ်မတ်လေ့ကျင့်ခြင်းကို တိတု ၂:၁၂-၁၃ တွင် အလေးပေးဖော်ပြထားပါသည်။
“ကြီးမြတ်သောဘုရားသခင်တည်းဟူသော ငါတို့ကို ကယ်တင် တော်မူသောအရှင် သခင်ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှား ပေါ်ထွန်းခြင်းကိုလည်းကောင်း ငါတို့မျှော်လင့်လျက်၊ ဘုရားမဲ့၊ တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက် ယခု ဘဝ၌ မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း ငါတို့ကို ဆုံးမ သွန်သင်၍ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည် ထင်ရှားပေါ်ထွန်းလျက်ရှိ၏။”
ရှင်ပေါလု၏ နိဂုံးချုပ်စာစောင်မှာ သမားတော်ကြီး၏ ကောင်းမွန်သော အာဟာရစာအုပ်နှင့် တူပါသည်။ ခရစ်တော်၏ခန္ဓာတော် ရှင်သန်နိုင်ရန်အတွက် ကောင်းသောအာဟာရ လိုအပ်ပါသည်။ ထိုအာဟာရများဖြစ်သည့် ချစ်ခြင်း၊ ကျေးဇူးတော်၊ လက်ခံခြင်းနှင့် အပြစ်လွှတ်ခြင်းတို့ကို ရှင်ပေါလု၏ သြဝါဒစာစောင်များ၊ အထူးသဖြင့် ဖိလေမုန်သြဝါဒစာတွင် တွေ့ရပါသည်။ ဤအာဟာရ များမရှိပါက ခရစ်တော်၏ခန္ဓာမှာ သွေ့ခြောက်၍ သေဆုံးမည်ဖြစ်သည်။ သမ္မာကျမ်းစာရှိ အတိုဆုံးကျမ်းစောင်များထဲမှ တစ်ခုဖြစ်သော ဖိလေမုန်သြဝါဒစာသည် ခန္ဓာ၏စုစည်းညီညွတ်မှုကို အလေးပေးထားပါသည်။ ဖိလေမုန် သြဝါဒစာသည် မိမိသခင် ဖိလေမုန်ထံမှထွက်ပြေးသွားသော “သြနေသိမ်” ဟူသည့် ကျွန်အကြောင်းဖြစ်သည်။ သြနေသိမ်သည် ရှင်ပေါလုနှင့် ရောမမြို့၌တွေ့ခဲ့ပြီး ယေရှုခရစ်တော်ကို ရရှိခဲ့ပါသည်။ ယခုတွင် ရှင်ပေါလုက သြနေသိမ်ကို ဖိလေမုန်ထံပြန်သွားခိုင်းပြီး၊ သြနေသိမ်အား ကျွန်အဖြစ်မဟုတ်ဘဲ၊ “ကျွန်ထက် သာသော ခရစ်တော်၌ ခွင့်လွှတ်ချစ်ခင်ရသော” ညီအစ်ကိုအဖြစ် လက်ခံရန် အားပေးထားပါသည်။ ဤသြဝါဒစာစောင်၏ အခြေခံမှာ ကားတိုင်တော်၏ခြေရင်းဖြစ်ပြီး ခရစ်ယာန်များအကြား ခွဲခြားမှုအားလုံး ခရစ်တော်၌ ပျောက်ကွယ်သွားပြီဖြစ်သည်။ ရှင်မဿဲ ၂၃ တွင် သခင်ယေရှုပြောသည့်အတိုင်း သခင်ယေရှုဟူသော သခင်တစ်ပါးတည်းရှိပြီး ၎င်း၏သခင်ဖြစ်ခြင်းအောက်တွင် ကျွန်ုပ်တို့အားလုံးမှာ တန်းတူညီအစ်ကိုမောင်နှမများ ဖြစ်ပါသည်။
ယင်းမှာ ခရစ်တော်၏ခန္ဓာ၌ အသက်ရှင်ခြင်းနှင့် ကျန်းမာခြင်းဖြစ်သည်။ ယင်းမှာ ခရစ်တော်၌တည်ခြင်းနှင့် ခရစ်တော်ကို ကျွန်ုပ်တို့အတွင်းအသက်ရှင်စေခြင်း၏ အဓိပ္ပာယ်ပင်ဖြစ်သည်။ ယခု ဤသြဝါဒစာများကိုတစ်စောင်ပြီးတစ်စောင်လှန်လျက် ၎င်းတို့၏ ကြွယ်ဝ၍ ခွန်အားပြည့်သော သမ္မာတရားကို ကျွန်ုပ်တို့အသက်တာအတွင်းတွင် စတင်တည်ဆောက်ကြပါစို့။