နေ့ – ၄
သခင်ယေရှုနှင့် သူ၏အသင်းတော် (ရှင်မဿဲခရစ်ဝင်မှ တမန်တော်ဝတ္ထုအထိ)
တမန်တော်ဝတ္ထု
တမန်တော်ဝတ္ထုသည် သြဝါဒစာမဟုတ်သောကြောင့် ဤအပိုင်း၌ ထည့်သွင်းလိုက်သည်ဟု ထင်ကောင်းထင်ပေမည်။ မဟုတ်ပါ။ တမင် ရည်ရွယ်လျက် ခရစ်ဝင်ကျမ်းများ၌ ထည့်သွင်းခဲ့ခြင်းမှာ ၎င်းတို့အကြောင်းကို ဆက်၍ ဖော်ပြထားခြင်းကြောင့်ဖြစ်သည်။ ရှင်လုကာရေးထားသောကြောင့် ရှင်လုကာခရစ်ဝင်၏ အဆက်ပင်ဖြစ်သော်လည်း အမှန်စင်စစ် ၎င်းသည် ခရစ်ဝင်ကျမ်းလေးကျမ်းလုံး၏ အဆက်ဖြစ်သည်။ ခရစ်ဝင်ကျမ်းများတွင် ခရစ်တော်၏အကြောင်းကို ၎င်း၏ မြေသားခန္ဓာ၊ လောက၌ အမှုတော်လုပ်ငန်း အားဖြင့်ဖော်ပြပြီး တမန်တော်ဝတ္ထုက သခင်ယေရှုကောင်းကင်သို့တကြွ်က ပြီးနောက် ၎င်း၏အလုပ်ကို ဆက်လက်ဆောင်ရွက်သည့် ခရစ်တော်၏ ခန္ဓာတည်းဟူသော အသင်းတော်အကြောင်းကို ဖော်ပြသည်။
တမန်တော်ဝတ္ထုသည် ဓမ္မသစ်ကျမ်း၏ သော့ချက်ဖြစ်ကြောင်း နည်းလမ်းများစွာဖြင့် တွေ့ရသည်။ ၎င်းကို ဖယ်ထုတ်ထားပါက ဓမ္မသစ်ကျမ်းကို နားလည်နိုင်မည်မဟုတ်ပါ။ ခရစ်ဝင်ကျမ်းများတွင် တမန်တော်များအား ဣသရေလလူမျိုးတစ်မျိုးတည်းကိုသာ သတင်းကောင်းကိုဟောပြောရန် စေလွှတ် ကြောင်း သွန်သင်ထားသည်။ သို့သော် တမန်တော်ဝတ္ထုတွင်မူ သတင်းကောင်းကို ကမ္ဘာကြီးတစ်ခုလုံးသို့ ဣသရေလလူမျိုးများနှင့် တစ်ပါးအမျိုးသားများထံ ဆောင်ယူသွားရန် ဘုရားသခင်၏ မိန့်မှာချက်ကို သင်ယူရပေသည်။ အကယ်၍ တမန်တော်ဝတ္ထုကို ချန်လှပ်၍ ရှင်ပေါလုသြဝါဒစာစောင်များကိုကြည့်လျှင် ရှင်ပေါလုဟုခေါ်သည့် နောက်ထပ်တမန်တော်တစ်ပါးကို လျှို့ဝှက်ဆန်းကြယ်စွာ ပေါင်းထည့်ထားကြောင်း တွေ့ရပေလိမ့်မည်။ ခရစ်ယာန်များသည် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းထက် အသစ်သောအဖွဲ့အစည်းဖြစ်သည့် အသင်းတော်အကြောင်းကို ပြောနေကြသည်။ သတင်းကောင်းကို ယေရုရှလင်မြို့ဝန်းကျင်ရှိ ယုဒလူများအတွက်ဟု ကန့်သတ်ထားခြင်းထက် ခရစ်ယာန်ဘာသာတရားမှာ ပျံ့နှံ့သွားသည်။ မျိုးဆက်တစ်ခု၏ တိုတောင်းသောအချိန်အတွင်း ကမ္ဘာစွန်းအထိ ရောက်ရှိသွားသည်။ ဤအသင်းတော်နှင့် တမန်တော်ပေါလုတို့ မည်သည့်နေရာမှ လာကြောင်း ပဟေဠိဖြစ်သွားမည်။ ခရစ်ယာန်ဘာသာသည် မယုံနိုင်ဖွယ် ပျံ့နှံ့ လာကြောင်းကိုလည်း အံ့သြမိမည်။ သို့သော် ဤအကြောင်းအရာများအားလုံးကို တမန်တော်ဝတ္ထု၌ ဖော်ပြထားသည်။
တမန်တော်ဝတ္ထုကို နားလည်ရန်သော့ချက်မှာ ဤစာစောင်သည် တမန်တော်များ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားခြင်းမဟုတ်။ သခင် ခရစ်တော်၏ လုပ်ဆောင်မှုများကို မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း နားလည်ရန်ဖြစ်သည်။ ဤစာစောင်ကို မည်သို့အစပြုထားသည်ကို သတိပြုပါ။
အို သော်ဖိလု၊ ယေရှုသည် ရွေးကောက်တော်မူသော တမန်တော် တို့ကို ဝိညာဉ်တော်အားဖြင့် မှာထားပြီးမှ အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသောနေ့ မရောက်မီကာလတွင် ပြုမူသွန်သင်တော်မူသမျှ တို့ကို ထုတ်ဖော်၍ အထက်ကျမ်းစာကို ငါစီရင်ရေးထားပါပြီ။(၁:၁-၂)
ရှင်လုကာ ရွေးချယ်အသုံးပြုသော ဝေါဟာရကို သတိပြုပါ။ ရှင်လုကာ ခရစ်ဝင်တွင် သခင်ယေရှု မည်သို့စတင်လုပ်ဆောင်ကြောင်း မှတ်တမ်းတင်ထား သည်။ သို့သော် တမန်တော်ဝတ္ထုတွင် ရှင်လုကာက သခင်ယေရှု မည်သို့ ဆက်လက်လုပ်ဆောင်ကြောင်းကို ဖော်ပြထားသည်။ ထို့ကြောင့် ဤကျမ်းစောင် နှစ်ခုစလုံး၌ အလုပ်လုပ်နေသူမှာ သခင်ဘုရားပင်ဖြစ်သည်။ ရှင်လုကာခရစ်ဝင်မှာ ပထမတွဲဖြစ်ပြီး တမန်တော်ဝတ္ထုမှာ ဒုတိယတွဲဖြစ်သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီသည် မြောက်အာဖရိကကို ဖြတ်ကျော်ပြီး စစ္စလီသို့ ဝင်ရောက်သိမ်းပိုက်ခါနီးတွင် မဟာမိတ်တပ်များ၏ အောင်မြင်မှုကို ကြေညာထုတ်လွှင့်ခဲ့သည်။ ချာချီက ၎င်းကြေညာချက်ကို ဤစကားလုံးများဖြင့် ချုပ်၍ပြောခဲ့သည်။ “ဒါအဆုံး မဟုတ်ပါ။ အဆုံးရဲ့အစပင်လျှင် မဟုတ်ပါ။ ဒါပေမယ့် အစရဲ့အဆုံးတော့ ဖြစ်နိုင်ပါတယ်။” ယင်းမှာ ခရစ်ဝင်(၄)ကျမ်း၌တွေ့ရသောအရာဖြစ်သည်။ တမန်တော်ဝတ္ထု(၁)၌ ရှင်လုကာရေးထားသကဲ့သို့ သခင်ဘုရား ကောင်းကင်နိုင်ငံတော်သို့ တကြွ်က သွားချိန်၌ ၎င်းသည် သခင်ဘုရား၏ သာသနာအဆုံးသတ်မဟုတ်ပါ။ အစ၏ အဆုံးသာလျှင် ဖြစ်ပါသည်။ တမန်တော်ဝတ္ထု၏ ကျန်သောအပိုင်းမှာ အဆုံး၏ အစ ဖြစ်သည်။
တမန်တော်ဝတ္ထုတစ်လျှောက် တန်ဆာပလာဖြစ်သော သင်နှင့် ကျွန်ုပ် ကဲ့သို့သော လူယောကျာ်း၊ မိန်းမများအားဖြင့် ခရစ်တော်၏ သာသနာဆက်လက် တည်ရှိခြင်းကို မှတ်တမ်းတင်ထားသည်။ (လု ၁၂:၅၀) ကားတိုင်ပေါ်မတက် မီတွင် ခရစ်တော်က ၎င်း၏တပည့်တော်များအား “ဗတ္တိဇံတစ်ခုကိုလည်း ငါခံစရာရှိ၏။ ထိုဗတ္တိဇံကိုမခံမီတိုင်အောင် ငါသည်အလွန်ငြီးငွေ့သောစိတ်ရှိ၏” ဟု ပြောခဲ့ပါသည်။ “ဤအမှုမပြီးမြောက်သေးသရွေ့ ကျွန်ုပ်အနေဖြင့် အလွန်ကန့်သတ်ချုပ်နှောင်ခံထားရပါသည်” ဟူသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ ၎င်း၏ နောက်လိုက်များဖြစ်သော ကျွန်ုပ်တို့က အမှုကိုပြီးစီးစေရမည်။ ကျွန်ုပ်တို့အပေါ်
သက်ရောက်လာသည့် ဘုရားသခင်၏တန်ခိုးအနန္တကို သာမန်လူယောကျာ်း မိန်းမများအပေါ်သွန်းလောင်းပြီး ၎င်း၏နာမ၌ ဆန်းကြယ်သောအရာများကို လုပ်ခွင့်ပေးလေသည်။ ထို့ကြောင့်ပင် အံ့ဖွယ်တန်ခိုးကြီးမားသည့်အမှုတော် အကြောင်း တမန်တော်ဝတ္ထု ဖြစ်ပေါ်လာသည်။
တမန်တော်ဝတ္ထုသည် ကျမ်းစာထဲရှိ မပြီးဆုံးသေးသောကျမ်းစာစောင် ဖြစ်သည်။ တမန်တော်ဝတ္ထုသည် ရုတ်တရက်အဆုံးသတ်ကြောင်း သတိပြုပါ။ နောက်ဆုံးအပိုဒ်ငယ်နှစ်ခုက ရှင်ပေါလု ရောမသို့ရောက်ရှိကြောင်း ဖော်ပြ ထားသည်။
ထိုနောက်မှ ပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှားသောအိမ်၌ နေသဖြင့် မိမိထံသို့လာသောသူအပေါင်းတို့ကိုဧည့်ခံ၍ အဘယ်သူမျှ မမြစ်တားဘဲ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို အတည့်အလင်း ဟောပြော၍ သခင်ယေရှုခရစ်၏ အကြောင်းများကို သွန်သင်ပြလျက် နေ၏။ (၂၈:၃၀-၃၁)
“နောက်တော့ဘာဖြစ်မလဲ”ဟု မစဉ်းစားဘဲ ဤစာအုပ်ကို မည်သည့် အခါမျှ ကျွန်ုပ်မပိတ်ပါ။ တမန်တော်ဝတ္ထုသည် လူကိုချည်နှောင်ထားပါသည်။ မပြီးပြတ်သေးဟူသော ခံစားမှုကိုပေးသည်။ ယင်းအတွက် အကြောင်းပြချက် ရှိပါသည်။ အကြောင်းမှာ ယင်းသည် ယေရှုခရစ်တော်ဟူသော သက်ရှိပုဂ္ဂိုလ် တစ်ပါး၏ အတ္ထုပ္ပတ္တိဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းဘဝ၏ နောက်ဆုံးအခန်းမှာ မရေးသားရသေးပေ။
ကျွန်ုပ်၏စာကြည့်တိုက်တွင် ဒေါက်တာ အိပ်ချ်အေအိုင်းရဲန်စိုက်ဒ် (Dr.H.A. Ironside) ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိရှိရာ ဤကဲ့သို့ပင် အဆုံးသတ်ထားသည်။ စာဖတ်သူကို ချည်နှောင်ဆွဲငင်ထားသည်။ နောက်ဘာများဖြစ်မလဲဟု တွေးမိ စေသည်။ ယင်းမှာ မပြီးပြည့်စုံသေးပါ။ အကြောင်းမှာ ယင်းကိုရေးသားချိန်၌ ၎င်း၏ဘဝ အဆုံးမသတ်သေးကြောင့်ဖြစ်သည်။
တမန်တော်ဝတ္ထုသည် ခရစ်တော်၏အသက်ရှင်သော ခန္ဓာဖြစ်သည့် အသင်းတော်တွင်းရှိ လူယောကျာ်း၊ မိန်းမတို့အသက်တာတွင်း၌ ဆက်လက်ရေး သားလျက်ရှိသည်။ သခင်ယေရှုကို ကောင်းကင်သို့ဆောင်ယူသွားသော်လည်း ၎င်းခန္ဓာအသက်မှာ ရှင်သန်နေဆဲဖြစ်သည်။ သင်၏အသက်တာတွင်း၌ ဆက်လက် ရှင်သန်လျက်ရှိသည်။ ကျွန်ုပ်ဘဝတွင်လည်း ရှင်သန်ဆဲဖြစ်သည်။ တိုင်းနိုင်ငံ များ ယဉ်ကျေးမှုများ အစရှိသည့် ယာယီလူမှုဘောင်အဖွဲ့အစည်းများကိုကျော်ပြီးဆက်လက်ရှင်သန်လျက်ရှိပေသည်။ ရောမတို့ကျဆုံးခြင်း၊ ဟန်၊ မွန်ဂို၊ ကတက်စ် မန်ချုးတရုတ်နှင့် ဗြိတိသျှတို့အားလုံး ကြီးစိုးချိန်နှင့် ကျဆုံးခြင်းများရှိသည်။ အမေရိက၊ အာဖရိကနှင့် အာရှနိုင်ငံများတွင် ကိုလိုနီဝါဒကျဆုံးပြီး၊ ဆိုဗီယက် ကွန်မြူနစ်ဝါဒမှာလည်း ထွန်းကားပြီး ပျောက်ဆုံးသွားပြန်သည်။ ကမ္ဘာစစ်ကြီးနှစ်ခုလည်း ဖြစ်ပွားခဲ့သည်။ အမှောင်ခေတ်မှ အင်တာနက်ခေတ်သို့ ရောက်ရှိလာကာ ယေရှုခရစ်တော်၏ ခန္ဓာအသက်မှာ ဆက်လက်ရှင်သန်ဆဲဖြစ်ပြီး တမန်တော်ဝတ္ထုကို ဆက်လက်ရေးသားရမည်ဖြစ်သည်။ အကြောင်းမှာ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အားဖြင့် ယနေ့ကမ္ဘာတစ်ဝန်း၌ ဆက်လက်လုပ်ဆောင်နေခြင်းအကြောင်း ဖြစ်သောကြောင့်ဖြစ်သည်။
ကျွန်ုပ်တို့သည် ခရစ်တော်၏ ခန္ဓာဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်နိမိတ်လက္ခဏာပြုလုပ်သည့် အစေခံသောလက်များ၊ သခင်၏ကြင်နာခြင်း ချစ်မေတ္တာမျက်လုံးများ၊ လောကသားတို့ နောင်တရလျက် သူ၌ယုံကြည်ရန် ခေါ်နေသည့် သခင်၏သမ္မာတရားအသံ ကိုယ်တော်၏သတင်းစကားကို လျင်မြန်စွာသယ်ယူဆောင်သွားမည့် သခင့်ခြေများဖြစ်သည်။ ကိုယ်တော်၏ခန္ဓာအသက်မှာ ဆက်လက်၍ရှင်သန်နေသည်။ ယခုဓမ္မသစ်ကာလတွင် သခင်ယေရှု၏ ဆောင်ရွက်မှုကို ရေးသားနေဆဲဖြစ်သည်။ နောက်ဆုံးစာမျက်နှာကို မမြင်ရသေးပေ။
ထို့ကြောင့် မဿဲ၊ မာကု၊ လုကာ၊ ယောဟန်၊ တမန်တော်ဝတ္ထု စသည့် သခင်၏ဘဝအသက်တာအကြောင်း စာစောင်(၅)ခုကိုလေ့လာပြီး ၎င်းကျမ်းများသည် ကျွန်ုပ်တို့အားဖြင့် ခရစ်တော်အသက်ရှင်သန်စေရန် လမ်းညွှန်အဖြစ် ရှုမြင်နိုင်ပါသည်။