‌နေ့ – ၅

သခင်ယေရှုနှင့် သူ၏အသင်းတော် (ရှင်မဿဲခရစ်ဝင်မှ တမန်တော်ဝတ္ထုအထိ)
ရှင်မဿဲခရစ်ဝင်မှ ရှင်ယောဟန်ခရစ်ဝင်


ဓမ္မဟောင်းကျမ်း၏ စာမျက်နှာများတွင် ယေရှုခရစ်တော်အကြောင်း ဖတ်ခဲ့ကြရသည်။ ဓမ္မဟောင်းတွင် သခင်ယေရှု၏ အမည်တပ်ထားခြင်း မရှိသော်လည်း စာမျက်နှာတိုင်း၌ ပုံဆောင်ချက်အရိပ်၊ ဘာသာရေးထုံးတမ်းဓလေ့နှင့် ယဇ်ပူဇော်ခြင်း၊ ပရောဖက်ပြုချက်များအားဖြင့် ၎င်းကိုတွေ့ရသည်။ ဓမ္မသစ်ကျမ်း၏ စာမျက်နှာများသို့ရောက်သောအခါတွင်မူ သခင်ယေရှုကို လူ့ဇာတိအဖြစ် တွေ့ရသည်။ ဤနေရာ၌ သခင်ယေရှုကို ကမ္ဘာဦးကျမ်းမှ မာလခိအနာဂတ္တိကျမ်းတစ်လျှောက်ရှိ ပုံဆောင်ချက်များနှင့် ပရောဖက်ပြုချက်များ အားလုံးကို ပြည့်စုံစေသူ သက်ရှိလူသားတစ်ဦးအဖြစ် တွေ့ရသည်။ ဓမ္မဟောင်းမှ ဓမ္မသစ်သို့ ကူးပြောင်းလာသောအခါ၊ နာဇရက်မြို့မှ ယေရှုဟူသော လူတစ်ဦး သည် ဓမ္မဟောင်း၊ ဓမ္မသစ်ကျမ်းနှစ်စောင်လုံး၏ အဓိကအချက်ဖြစ်ကြောင်း တွေ့ရှိလာရပေသည်။

ယေရှုခရစ်တော်ကို မဿဲ၊ မာကု၊ လုကာ၊ ယောဟန် ခရစ်ဝင်ကျမ်းများမှ တင်ပြပုံ(၄)မျိုးဖြင့် တွေ့ရပေသည်။ “ခရစ်ဝင်ကျမ်း တစ်ခုတည်းရှိရမည့်အစား အဘယ်ကြောင့်ကျမ်း(၄)ကျမ်း ရှိရသနည်း” “ဤကျမ်းရေးသူ(၄)ဦးထဲမှ (၁)ဦးက အချက်အလက်အားလုံးကိုစုစည်းပြီး ကျမ်းတစ်စောင်တည်းဖြင့် အဘယ်ကြောင့် မဖော်ပြသနည်း” ဟူ၍ အများက မေးကြသည်။ ဓာတ်ပုံတစ်ပုံတည်းကိုသုံး၍ အဆောက်အဦ၏ လေးဖက်လေးတန်ကို တစ်ကြိမ်တည်းပြရန် မဖြစ်နိုင်ပါ။

သခင်ယေရှုနှင့်ပတ်သက်၍လည်း ထို့အတူပင်ဖြစ်သည်။ ၎င်း၏အသက်တာ၊ ၎င်း၏သဘောတော်၊၎င်း၏အမှုတော်တို့မှာ လွန်စွာများပြား၍ ရှုထောင့်အမျိုးမျိုးရှိရာ ရှုထောင့်တစ်ခုတည်းမှအကြောင်းအရာ တစ်ခုလုံးကို ဖော်ပြနိုင်မည် မဟုတ်ပါ။ ဘုရားသခင်က ခရစ်ဝင်လေးကျမ်းရှိစေရန် အကြံအစည် ရှိပြီး ခရစ်ဝင်ကျမ်းတစ်ခုစီသည် သခင်ဘုရားကို အတုမရှိသောနည်းဖြင့် ဖော်ပြစေရန် ဖြစ်သည်။ ခရစ်ဝင်ကျမ်းတစ်ခုစီတိုင်းသည် ခရစ်တော်ကို သီးခြားရှုထောင့်မှ တင်ပြထားပါသည်။ ထိုခရစ်ဝင်ကျမ်းများထဲမှ တစ်စောင်ပျောက်ဆုံးပါက ခရစ်တော်သည် စင်စစ်မည်သူဖြစ်သည်ကို ကျွန်ုပ်တို့ ပြည့်စုံစွာနားလည် နိုင်တော့မည်မဟုတ်ပါ။

ဓမ္မဟောင်းကျမ်းတွင် ကြွလာမည့်မေရှိယအကြောင်း ဖော်ပြချက်များနှင့် ပြည့်နှက်နေသည်။ ထိုပုံရိပ်များသည် သခင်ယေရှု၏ပုံရိပ်များနှင့် ဆက်စပ်နေပြီး ခရစ်ဝင်ကျမ်းလေးကျမ်းက ကျွန်ုပ်တို့အတွက် ပုံဖော်ပေးသည်။ အထူးသဖြင့် ဟေရှာယ၊ ယေရမိနှင့် ဇာခရိအနာဂတ္တိကျမ်းတို့တွင် သခင်ယေရှုကို ကြွလာမည့် ဣသရေလတို့၏ရှင်ဘုရင်အဖြစ် ဖော်ပြထားပါသည်။ ဣသရေလလူမျိုးများက ထိုပုံရိပ်ကို နှစ်သက်သည်။ သို့သော် သခင်ယေရှုသည် ၎င်းတို့မျှော်လင့်ထားသော ဘုရင်နှင့်မတူပေ။ ထိုအကြောင်းကြောင့်ပင် သခင်ယေရှု ကြွလာသောအခါ ၎င်းတို့ ငြင်းပယ်ကြခြင်းဖြစ်သည်။ သို့သော် ရှင်မဿဲက ၎င်း၏ခရစ်ဝင်ကျမ်းတွင် သခင်ယေရှုနှင့် သူ၏အမှုတော်ကို ဘုရင်တစ်ပါးရှုထောင့်မှ ရှုမြင်ခဲ့ပြီး ထိုရှုထောင့်ကို အလေးပေးရေးသားခဲ့သည်။ ထို့ကြောင့် ရှင်မဿဲမှာ ရှင်ဘုရင်၏ ခရစ်ဝင်ကျမ်းပင်ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ဓမ္မဟောင်းကျမ်း၏ အပိုင်းအတော်များများ၌ မေရှိယကို အစေခံကျွန်၊ ဝေဒနာခံရသူအဖြစ် ပုံဖော်ထားပါသည်။ အထူးသဖြင့် ဝေဒနာခံသော အစေခံကျွန်ပုံရိပ်များကို ဟေရှာယအနာဂတ္တိကျမ်းတွင် တွေ့ရသည်။ ကမ္ဘာဦးကျမ်းရှိ ယောသပ်ကိုလည်း ဝေဒနာခံရန်၊ အစေခံရန် ကြွလာသူပုံစံမျိုးဖြင့် တွေ့ရသည်။ ဟေဗြဲလူမျိုးများအတွက် မေရှိယ၏ပုံရိပ်နှစ်ခုမှာ လွန်စွာရှုပ်ထွေးလျက်ရှိသည်။ ရှင်ဘုရင်မေရှိယနှင့် အစေခံကျွန်မေရှိယ ဟူ၍ဖြစ်ရာ ယုဒကျမ်းတတ်ပညာရှင်အများက မေရှိယနှစ်ပါးရှိရမည်ဟု ကောက်ချက်ချကြသည်။ ၎င်းတို့က တစ်ပါးကို “မေရှိယ-ဘင်ဒါဝိဒ်” (သို့) “ဒါဝိဒ်၏သားတော် မေရှိယ”ဟုခေါ်ပြီး၊ ကျန်တစ်ပါးကို “မေရှိယ -ဘင်ယောသပ်” (သို့)”ယောသပ်၏သားတော် မေရှိယ”ဟူ၍ခေါ်ဆိုသည်။ “ဒါဝိဒ်သားတော် မေရှိယ”ကို ဘုရင်ကဲ့သို့ မေရှိယဟု ရှုမြင်ပြီး “ယောသပ်၏သားတော် မေရှိယ” မှာမူ ဝေဒနာခံရသောသူဟုမြင်သည်။ ဘုရင်နှင့်အစေခံကျွန်မှာ တစ်ဦးတည်း ဖြစ်သည်ဆိုခြင်းကို ၎င်းတို့စဉ်းစား၍မရပေ။ သို့သော် ရှင်မာကုက ခရစ်တော်၏နှိမ့်ချ၊ ကိုယ်ကျိုးစွန့်အစေခံသော သဘာဝကို နားလည်ခဲ့ပြီး ၎င်း၏ ခရစ်ဝင်ကျမ်းတွင် ဤရှုထောင့်မှ တင်ပြခဲ့ခြင်းဖြစ်သည်။

တတိယအနေဖြင့် ဓမ္မဟောင်းတွင် မကြာခဏဆိုသလို လူသားတစ်ဦး အဖြစ် ခရစ်တြွော်ကလာခြင်းကို ဖော်ပြထားသည်။ အပျိုစင်မှ မွေးဖွားပြီး၊ ဗက်လင်မြို့တွင် ကြီးပြင်းကာ လူသားများအကြား လျှောက်လှမ်းခဲ့သည့် ပြည့်စုံ သောလူသားတစ်ဦးဖြစ်ပေသည်။ ယင်းမှာ ရှင်လုကာက ၎င်း၏ခရစ်ဝင်ကျမ်းတွင် ဖော်ပြသော ပုံရိပ်ပင်ဖြစ်သည်။

နောက်ဆုံးအနေဖြင့် မေရှိယကို ဘုရားသခင်၊ ထာဝရတည်သူအဖြစ် ဖော်ပြသည့် ဓမ္မဟောင်းမှ ပုံရိပ်များစွာလည်းရှိပါသည်။ ဥပမာ- မိက္ခာ ၅:၂ တွင် မေရှိယမှာ ဗက်လင်ဧဖရတ်မြို့ငယ်လေးမှ ထွန်းပေါ်လာမည်ဟု ဟောကြားခဲ့ရာ ယေရှုက ဤနေရာတွင် အမှန်ဖွားမြင်ခဲ့ပြီး ထိုမေရှိယ၏ မူလအစမှာလည်း ထာဝရဖြစ်သည်။ (ဆိုလိုသည်မှာ ၎င်း၌ အစမရှိ၊ ထာဝရဖြစ်ပြီး ၎င်းမှာ ဘုရားပင်ဖြစ်သည်။) ဘုရားသားတော်အကြောင်းဖြစ်သော ရှင်ယောဟန်ခရစ်ဝင်တွင်တွေ့ရသည့် သခင်ယေရှု၏ပုံရိပ်နှင့် ဤအချက်မှာ ကိုက်ညီလျက် ရှိပေသည်။

ထို့ကြောင့် ခရစ်တော်နှင့်ပတ်သက်၍ ဓမ္မဟောင်းမှ ပရောဖက်ပြုချက်များနှင့် ပုံဆောင်ချက်အရိပ်များအားလုံးကို ခရစ်ဝင်လေးကျမ်း၏ ခေါင်းစဉ်များ အောက်၌ ရှင်ဘုရင်၊ အစေခံကျွန်၊ လူသားနှင့် ဘုရားဟူ၍ ထားနိုင်ပေသည်။ စိတ်ဝင်စားဖွယ်ရာမှာ ဓမ္မဟောင်းကျမ်း၏လေးနေရာတွင် (ဂျိမ်းဘုရင်၏ သမ္မာကျမ်းမူ၌) “ကြည့်ရှုလော့”ဟူသော စကားလုံးကို ထိုပုံရိပ်(၄)ခုထဲမှ တစ်ခုနှင့် ဆက်စပ်၍အသုံးပြုခဲ့သည်။ ဇာခရိအနာဂတ္တိကျမ်း ၉:၉ တွင် ဇိအုန်နှင့် ယေရုရှလင်မြို့၏သမီးများအား ဘုရားသခင်က “သင်၏ရှင်ဘုရင် ကြွလာတော်မူသည်ကို ကြည့်ရှုကြလော့။”(ဂျိမ်းဘုရင်၏သမ္မာကျမ်းမူ) ဟုဆိုသည်။ ထိုပရောဖက်ပြုချက်မှာ သခင်ယေရှုက ယေရုရှလင်မြို့သို့ အောင်မြင်ခြင်းနှင့် ကြွဝင်သောအခါ ပြည့်စုံခဲ့သည်။ တစ်ဖန် ဟေရှာယ ၄၂:၁ တွင် ဘုရားသခင်က “ငါထောက်မသော ငါ့ကျွန်ရင်း – – – – ကြည့်ရှုလော့”ဟု ဆိုသည်။ သင်တို့၏ အစေခံကျွန်မဟုတ်ဘဲ ငါ့ကျွန်ဟူ၍ဖြစ်သည်။ ခရစ်တော်သည် လူသားတို့၏ အစေခံကျွန်မဟုတ်ဘဲ ဘုရားသခင်၏ ကျွန်ဖြစ်သည်။ ဇာခရိ ၆:၁၂ တွင် ဘုရားသခင်က “အညွှန့်အမည်ရှိသောသူကို ကြည့်ရှုလော့” ဟုဆိုသည်။ ၎င်းသည် မေရှိယအကြောင်း ပြောထားခြင်းဖြစ်သည်။ ဟေရှာယ ၄၀:၉ တွင် “သင်တို့၏ဘုရားသခင်ကို ကြည့်ရှုကြဟု ယုဒမြို့ရွာတို့အားပြောလော့။” (ဂျိမ်းဘုရင်၏သမ္မာကျမ်းမူ)ဟု ဘုရားသခင်က မိန့်ကြားခဲ့သည်။ ဤစကားစုကို (၄)ကြိမ် အသုံးပြုခဲ့ရာ အကြိမ်တိုင်း၌ ခရစ်တော်နှင့်ပတ်သက်သော မတူညီသည့် ရှုထောင့်နှင့် ဆက်စပ်နေကြောင်း တွေ့ရသည်။ ထို့ကြောင့် ဘုရားသခင်သည် ၎င်း၏နှုတ်ကပတ်တော်ဖြစ်သော ဓမ္မဟောင်း၊ ဓမ္မသစ် နှစ်ခုလုံး၌ ထိုပုံစံကို အံ့သြဖွယ်၊ စဉ်ဆက်မပြတ်၊ ရစ်ပတ်ထားကြောင်း ထင်ရှားစွာတွေ့ရသည်။ ထိုပုံစံက မေရှိယယေရှုကို ရှုထောင့်မျိုးစုံမှ ဖော်ပြလျက်ရှိပါသည်။

ခရစ်ဝင်ကျမ်းရေးသားသူ တစ်ဦးချင်းစီသည် ယေရှုခရစ်တော်ကို ၎င်းတို့၏ ကိုယ်ပိုင်ပုံစံဖြင့် နည်းလမ်းမျိုးစုံ၊ အသေးစိတ်ဖော်ပြသည်ကိုတွေ့ရပြီး စိတ်လှုပ်ရှားဖွယ်ကောင်းလှပါသည်။

“ရှင်ဘုရင်၏ခရစ်ဝင်” – ရှင်မဿဲခရစ်ဝင်ကျမ်းတွင် ခရစ်တော်၏ ဘုရင်ဖြစ်ခြင်းနှင့်ဆိုင်သော အထောက်အထားများစွာကို တွေ့ရပါသည်။ ရှင်မဿဲခရစ်ဝင်ကျမ်းကို ခရစ်တော်၏ ဆွေစဉ်မျိုးဆက်ဇယားနှင့် အစပြုထားပြီး၊ ဣသရေလဘုရင် ဒါဝိဒ်၊ ထိုမှ ဣသရေလလူမျိုးနွယ်၏ဖခင်ကြီး အာဗြံဟံမှ ဆင်းသက်ကြောင်း ဘုရင်မျိုးရိုးကို ဖော်ပြထားပါသည်။ ကျမ်းစောင်တစ်လျှောက် ခရစ်တော်သည် ဘုရင်တစ်ဦး၏ အခွင့်အာဏာဖြင့် ပြောဆိုလုပ်ကိုင်ခဲ့သည်။ “မောရှေက သင်တို့အား ထိုသို့ပြောခဲ့သည်။ သို့သော် ငါက ဤသို့ပြောသည် – – -” ယုဒများအတွက် မောရှေမှာ သြဇာအာဏာကြီးမားသူဖြစ်သဖြင့်၊ သခင်ယေရှုက မောရှေ၏အာဏာအထက်၌ရှိရန် ဘုရင်တစ်ပါးကဲ့သို့ ပြုမူရပေသည်။ ထိုအာဏာကို မကောင်းသောဝိညာဉ်များအား နှင်ထုတ်ခြင်း၊ နာဖျားသောသူ များအား ပျောက်ကင်းစေခြင်း၊ မျက်စိမမြင်သူများအား မြင်စေခြင်းဖြင့် ဖော်ပြခဲ့သည်။ ဘုရင်တစ်ပါး၏ သြဇာအာဏာဖြင့် ယုဒလူတို့၏ ဘာသာရေးခေါင်းဆောင်များကို စီရင်ခဲ့သည်။ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့ သင်တို့သည် အမင်္ဂလာရှိကြ၏။” ရှင်မဿဲခရစ်ဝင်၌ သခင်ယေရှု အကြိမ်ကြိမ် အဓိကသုံးခဲ့သော စကားစုမှာ “ကောင်းကင်နိုင်ငံတော်” ဖြစ်ပြီး (၃၂)ကြိမ် တွေ့ရသည်။ ရှင်မဿဲက ကောင်းကင်နိုင်ငံတော်နှင့် ဘုရင်မင်းကို အဆက်မပြတ် ညွှန်ပြနေသည်။ သခင်ယေရှုဖွားမြင်ခြင်းနှင့်ဆိုင်၍ ၎င်း၏ဖော်ပြချက်တွင် ယုဒတို့၏ ရှင်ဘုရင်ခရစ်တော် ဖွားမြင်သည်ဟုဆိုကာ သခင်ယေရှုကားတိုင်တင်၍ သတ်ခံရခြင်းကို ဖော်ပြရာတွင်လည်း ယေရှုသည် ယုဒတို့၏ ရှင်ဘုရင်အဖြစ် ကားတင်သတ်ခံရသည်ဟုဆိုသည်။

ဒုတိယခရစ်ဝင်ကျမ်းဖြစ်သည့် ရှင်မာကုခရစ်ဝင်တွင် ခရစ်တော်ကို အစေခံကျွန်အဖြစ်ပုံဖော်ပြီး ခရစ်တော်၏ မည်သည့်မျိုးရိုးစဉ်ဆက်ဇယားမှ ဖော်ပြခြင်းမရှိပေ။ အစေခံကျွန်တစ်ဦး၏ မျိုးဆက်ဇယားကို မည်သူက အလေးထားမည်နည်း။ မည်သူမျှအလေးမထားပါ။ ရှင်မာကုခရစ်ဝင်၌ ကျွန်ုပ်တို့သခင်သည် ရိုးစင်းစွာ မြင်ကွင်း၌ပေါ်နေသည်။ ၎င်းခရစ်ဝင်၌ “ချက်ချင်း” ဟူသော စကားလုံးကို တစ်ကြိမ်ပြီးတစ်ကြိမ် တွေ့ရသည်။ ယင်းမှာ အစေခံကျွန်၏ စကားလုံးပင်ဖြစ်သည် မဟုတ်ပါလား။ ကျွန်တစ်ဦးကို အမိန့်ပေးသည့်အခါ (၁၀)မိနစ်ကြာမှမဟုတ်ဘဲ၊ ချက်ချင်းပြုလုပ်စေလိုသည် မဟုတ်ပါလား။ ထို့ကြောင့် သခင်ယေရှုက “ချက်ချင်း ဤသို့ . . . ထိုသို့ . . .ပြုသည်” ဟု အကြိမ်ကြိမ်ဖတ်ရခြင်းပင်ဖြစ်သည်။ ရှင်လုကာခရစ်ဝင်နှင့် ရှင်မဿဲခရစ်ဝင်တွင် အကြောင်းအရာ၊ အဖြစ်အပျက်များစွာနှင့် ပုံဥပမာတော်များ ပါဝင်သော်လည်း “အစေခံကျွန်၏ခရစ်ဝင်”- ရှင်မာကုခရစ်ဝင်ထဲတွင်မူ ဥပမာတော်(၄) ခုသာပါပြီး တစ်ခုစီတိုင်းက အစေခံကျွန်နှင့်ဆိုင်သော ဥပမာများပင်ဖြစ်ပေသည်။ ၎င်းတို့က သခင်ယေရှုအား ယာဝေ၏ အစေခံကျွန်၊ ဟေရှာယ ၅၃ ၌ ဖော်ပြသည့် ဝေဒနာခံသော အစေခံကျွန်အဖြစ် ဖော်ပြသည်။ ရှင်မာကုခရစ်ဝင်ကိုကြည့်ပါက သခင်ယေရှုအား ၎င်း၏ရှင်ပြန်ထမြောက်ခြင်းမတိုင်မီအထိ သခင်ဟုခေါ်ခြင်း မတွေ့ရပေ။ (အစေခံ ကျွန်၏ အမှတ်လက္ခဏာတစ်ခုပင်ဖြစ်သည်။) မာကု ၁၃:၃၂ တွင် ၎င်း၏ အစေခံဖြစ်ခြင်းကို ထိရောက်စွာ ပုံဖော်ထားသည်။ ထိုကျမ်းပိုဒ်တွင် ၎င်း၏ ဒုတိယအကြိ်ကြွလာခြင်းကို သခင်ဘုရားက ပြောကြားထားသည်။

“ထိုအချိန်နာရီကိုကား ခမည်းတော်မှတစ်ပါး အဘယ်သူမျှမသိ၊ ကောင်းကင်တမန်များမသိ၊ သားတော်လည်းမသိ။”

“ထိုအချိန်နာရီကိုကား ခမည်းတော်မှတစ်ပါး အဘယ်သူမျှမသိ၊ ကောင်းကင်တမန်များမသိ၊ သားတော်လည်းမသိ။” (မာ ၁၃:၃၂)

အလုံးစုံကို တတ်စွမ်းနိုင်သောဘုရားဖြစ်ပြီး ၎င်းကိုယ်တိုင်ပြန်လာမည့် အချိန်ကို သခင်ယေရှု မသိခြင်းမှာ မည်သို့ဖြစ်နိုင်မည်နည်း။ ရှင်မာကုခရစ်ဝင်ကျမ်းကို နားမလည်သေးသရွေ့ ၎င်းသည် နက်နဲသောလျှို့ဝှက်ချက်အဖြစ် ရှိနေမည်ဖြစ်သည်။ ရှင်မာကုက ခရစ်တော်၏ကဏ္ဍကို ဘုရားသခင်၏ ဝေဒနာခံသော အစေခံကျွန်အဖြစ် ဖော်ပြသည်။ ဘုရားသခင်၏သားတော် ဖြစ်သည့်တိုင် အစေခံကျွန်သည် မိမိသခင် မည်သို့ပြုမည်ကို သိရန်မလို။ ၎င်းသည် ကျွန်၏အလုပ်မဟုတ်ပါ။

ရှင်လုကာက ခရစ်တော်ကို လူအဖြစ်ဖော်ပြသည်။ ဤနေရာတွင် လူသား၏ဘုန်း၊ တင့်တယ်မှု၊ အင်အားနှင့် ဂုဏ်အသရေ စသည်ဖြင့် လူသားဖြစ်ခြင်း၏ ပြည့်စုံမှုကိုတွေ့ရသည်။ ကျွန်ုပ်တို့မျှော်လင့်ထားသကဲ့သို့ပင် ရှင်လုကာခရစ်ဝင်၌ ဆွေစဉ်မျိုးဆက်ဇယားပါဝင်ပေသည်။ သခင်ယေရှုကို လူအဖြစ်ဖော်ပြပါက သခင်၏လူသားမျိုးနွယ်နှင့် ဆက်နွယ်မှုကို သိချင်မည်ဖြစ်သည်။ ရှင်လုကာက အာဒံမျိုးနွယ်နှင့် ခရစ်တော်ကို လုံးဝထပ်တူပြုနိုင်ရန် မျိုးရိုးစဉ်ဆက်ဇယားကို အာဒံထိတိုင် ဆွဲယူဖော်ပြခဲ့သည်။ ရှင်လုကာခရစ်ဝင်တွင် မကြာခဏဆိုသလို ခရစ်တော်တောင်းသည်ကို တွေ့ရသည်။ သခင်ယေရှု ဆုတောင်းခြင်းကိုတွေ့ချင်ပါက ရှင်လုကာခရစ်ဝင်ကိုဖတ်ပါ။ ဆုတောင်းခြင်းဟူ သည်မှာ အချုပ်အခြာအာဏာ၊ တန်ခိုးအနန္တရှင် ဘုရားသခင်အပေါ် လုံးဝမှီခိုခြင်း ဟူသည့် လူသားနှင့်ဘုရား၏ မှန်ကန်သောဆက်ဆံရေးပြယုဂ်ဖြစ်သည်။ ရှင်လုကာတွင် ယေရုရှလင်မြို့အတွက် ငြွေိုကးခြင်း၊ ဥယျာဉ်ထဲ၌ သူ့ကိုလာဖမ်းဆီးသူများထဲမှ ရှင်ပေတရု နားရွက်ခုတ်လိုက်သောသူအား ကုသပေးခြင်းတို့အားဖြင့် ခရစ်တော်၏သနားခြင်းဂရုဏာကို ထင်ရှားစွာတွေ့ရသည်။ သခင်ယေရှု၏သနားကြင်နာမှုနှင့် လူသားဆန်မှုကို ထိုအဖြစ်အပျက်နှစ်ခုလောက် ထိထိမိမိဖော်ပြသည့် အခြား အရာမရှိ။ ရှင်လုကာက ဂေသရှေမန်ဥယျာဉ်၌ ချွေးများ သွေးကဲ့သို့ကျသော ခရစ်တော်၏နာကျင်မှုဝေဒနာအကြောင်းကို အပြည့်အစုံဖော်ပြလျက် ကျွန်ုပ်တို့၏ စုံစမ်းစစ်ကြောခြင်းများနှင့် နာကျင်မှုကို လူသားပမာအပြည့်အဝ ထဲထဲဝင်ဝင် ဝင်ရောက်ခံစားခြင်းကို ဖော်ပြခဲ့သည်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်းတွင် ခရစ်တော်ကို ဘုရားအဖြစ်ဖော်ပြပြီး ပထမဆုံးကျမ်းပိုဒ်အစမှာပင် ဖော်ပြထားသည့် ရှင်ယောဟန်၏ မမှားယွင်းသော အဓိကအချက်ပင်ဖြစ်သည်။ ရှင်မဿဲနှင့် ရှင်လုကာတို့ကဲ့သို့ပင် ရှင်ယောဟန် ခရစ်ဝင်သည် မျိုးရိုးဇယားနှင့်အစပြုကြောင်းကို လူအများက နားမလည် လိုက်ကြပေ။ ထိုသို့မသိလိုက်ရခြင်းအကြောင်းမှာ ရှင်ယောဟန်ရှိခရစ်တော်၏ မျိုးဆက်ဇယားမှာ တိုလွန်းသောကြောင့်ဖြစ်သည်။

“အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။” (ယော ၁:၁)

“အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။” (ယော ၁:၁)

ရှင်ယောဟန်ဖော်ပြသော ခရစ်တော်၏ မျိုးရိုးစာရင်းတစ်ခုလုံးသည် ဤမျှသာဖြစ်သည်။ ခမည်းတော်နှင့်သားတော် – ပုဂ္ဂိုလ်နှစ်ဦးသာ ပါဝင်သည်။ အဘယ်ကြောင့် ထိုဇယားမှာတိုလွန်းသနည်း။ ရှင်ယောဟန်၏ရည်ရွယ်ချက်မှာ ရိုးစင်းသည်။ ခရစ်တော်၏ ဘုရားဇာတိကို ဖော်ပြရန်သာဖြစ်သည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ “ငါဖြစ်သည်” ဟူသော ဖော်ပြချက်(၇)ချက်ကို တွေ့ရပြီး (အခန်း ၄၁ ၌ စုစည်းဖော်ပြထားသည်) ၎င်းသည် မီးလောင်သော ချုံပုတ်မှ ဘုရားသခင်က မောရှေအားပြောသော “ငါဖြစ်သည်အတိုင်း ငါဖြစ်သည်” (ထွက် ၃:၁၄)ဟူသော ဖော်ပြချက်ကို ပဲ့တင်ထပ်ဖော်ပြထားခြင်းဖြစ်သည်။

ထိုစိတ်လှုပ်ရှားဖွယ် “ငါဖြစ်သည်”ဟူသော ဖော်ပြချက်၏ တန်ခိုးပါသော သက်ရောက်မှုကို ဥယျာဉ်ထဲမှ အဖြစ်အပျက်တစ်ခုတွင် တွေ့ရသည်။ သခင်ယေရှုကိုဖမ်းဆီးရန် ယုဒက စစ်သားများအား ခေါ်ဆောင်လာချိန်တွင် စစ်သားများက နာဇရက်မြို့သားယေရှုကို မိမိတို့ရှာနေကြကြောင်း ပြောသောအခါ သခင်က “ငါသည် ထိုသူဖြစ်၏” ဟုပြောခဲ့သည်။ “ငါဖြစ်၏” ဟူသော ဖော်ပြချက်က မိမိ၏ဘုရားဖြစ်ခြင်းကို ဖော်ပြခြင်းဖြစ်ပြီး အာဏာပါလွန်း၍ စစ်သားများအား အံ့သြ၍လဲကျသွားစေသည် (ယော ၁၈:၃-၈)။

ယော ၂၀:၃၀-၃၃ တွင် ကျမ်းရေးသူက ၎င်း၏ ရည်ရွယ်ချက်မှာ သခင်ဘုရား၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ဖော်ပြရန်မဟုတ်ဘဲ ဘုရားသခင်၏ သားတော်ဖြစ်သော ယေရှုခရစ်တော်၏ ဘုရားဖြစ်ခြင်း၌ ကယ်တင်ခြင်းကို ပေးနိုင်သည့် ယုံကြည်ခြင်းကို မှုတ်သွင်းပေးရန်ဖြစ်သည်။

ဤကျမ်းစာ၌ ရေး၍မထားသော အခြားနိမိတ်လက္ခဏာအများတို့ကိုလည်း ယေရှုသည် တပည့်တော်တို့မျက်မှောက်၌ ပြတော်မူ၏။ ယေရှုသည် ခရစ်တော်တည်းဟူသောဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို သင်တို့သည်ယုံမည်အကြောင်း ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း ဤမျှလောက် ရေးထားလျက်ရှိသတည်း။

ဤကျမ်းစာ၌ ရေး၍မထားသော အခြားနိမိတ်လက္ခဏာအများတို့ကိုလည်း ယေရှုသည် တပည့်တော်တို့မျက်မှောက်၌ ပြတော်မူ၏။ ယေရှုသည် ခရစ်တော်တည်းဟူသောဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို သင်တို့သည်ယုံမည်အကြောင်း ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း ဤမျှလောက် ရေးထားလျက်ရှိသတည်း။ (ယော ၂၀:၃၀-၃၃)

ဤခရစ်ဝင်ကျမ်း(၄)ခုကို တစ်စောင်ချင်းစီမလေ့လာမီ နောက်ဆုံး အနေဖြင့် ထိုကျမ်းများကို ခုနှစ်အလိုက်စီရန် မဖြစ်နိုင်ကြောင်း သတိပြု အပ်သည်။ မဿဲ၊ မာကု၊ လုကာနှင့်ယောဟန်တို့မှာ သခင်ယေရှု၏ အတ္ထုပ္ပတ္တိကို သက္ကရာဇ်အစဉ်လိုက် ထိုင်၍မှတ်တမ်းတင်ခဲ့ကြခြင်း မဟုတ်ပေ။ သခင်ဘုရား၏ အသက်တာနှင့် အမှုတော်လုပ်ငန်း၏ အထူးကဏ္ဍများကို ဖော်ပြရန် ရေးသားခဲ့ကြသော်လည်း မည်သည့်ကျမ်းစောင်မကမျှ သခင်ယေရှု၏ အတ္ထုပ္ပတ္တိကို ခုနှစ်စဉ်အလိုက် ဖော်ပြခြင်းမဟုတ်ပေ။ ခုနှစ်သက္ကရာဇ်များသည် ခရစ်ဝင်ကျမ်းမှ ထုတ်ယူရမည့် အရေးပါသော အချက်အလက်များမဟုတ်ပါ။ ထိုအဖြစ်အပျက်များကို ခုနှစ်အလိုက်မစီနိုင်သော်လည်း ထိုခရစ်ဝင်ကျမ်းများကို နှိုင်းယှဉ်ခြင်းဖြင့် ခရစ်ဝင်(၄)ကျမ်းထဲတွင် သက္ကရာဇ်စဉ်အကျဆုံးဖြစ်သော ရှင်ယောဟန်ခရစ်ဝင်ကို မှီငြမ်းခြင်းဖြင့် အဖြစ်အပျက်များ၏ ယေဘုယျအစီအစဉ်ကို ရရှိနိုင်ပါသည်။

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>